နေပြည်တော် ဝဲကြီးရွာက ရဲနဲ့ ပဋိပက္ခ ရွာသား ၁ဝ ဦးကို ဖမ်းဆီးထား
2013.09.28

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက်ဖြေရှင်းခဲ့တဲ့ အတွက် လက်ရှိအချိန်မှာ ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ အစစ်ဆေးခံလျက်ရှိတယ်လို့ သိရပါတယ်။
ရွာသားတွေတင်မကဘဲ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲဝင်တွေကိုပါ စစ်ဆေးပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ တရားလိုလုပ်မယ့် နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းက ရဲအုပ်စိန်သောင်းက အခုလိုပြောပါတယ်။
“အခုရဲနဲ့ဖြစ်တယ်၊ ရဲတွေအိမ်ပေါ်တက်တယ်၊ ညအချိန်မတော်မှာလာတယ်၊ အဲအတိုင်းပဲ ဟုတ်ပြီ ရဲကိုလည်းစစ်မယ်၊ အဲဒီစစ်တဲ့ဟာအားလုံးက ဥပဒေဝန်ထမ်းဆီရောက်သွားမယ်၊ ဒါတွေဟာ အကုန်လုံးသိမယ်၊ ရဲအပြစ်ရှိမယ်၊ ရွာသားအပြစ်ရှိမယ်၊ ဘက်လိုက်လို့မရဘူး”
ဝဲကြီးရွာက ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာပါဝင်ခဲ့တဲ့
ဝဲကြီးရွာသား ကိုဇော်လတ်က ရွာသားတွေဖက်ကလည်း ပြန်လည်တရားစွဲသွားမယ်လို့ ပြောပါတယ်။
"ကျနော်အပါအဝင် လူ ၁ဝ ဦးက နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အမှုကိုပြန်ဖွင့်သွားမယ်၊ အခုအချိန်မှာ ထင်ယောင်ထင်မှားပြီးတော့ စွပ်စွဲထားတာရှိပါတယ်၊ အပြစ်ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာကတော့ ကျနော်တို့ဘက်က အပြစ်ကျူးလွန်ရင် ကျနော်တို့ဘက်က ရဲရဲခံသွားမှာပါ၊ သက်ဆိုင်ရာဘက်ကပဲဖြစ်ဖြစ် ကျေးရွာထဲက လှုံ့ဆော်ပြီးလုပ်တဲ့လူပဲဖြစ်ဖြစ် သူတို့ဘက်က အပြစ်ကျူးလွန်ရင်လည်း တရားဥပဒေကို ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်"
အစိုးရ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်တိုက်တွေ ဆောက်လုပ်ဖို့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနားက လယ်ယာမြေဧက ၅ဝဝကျော်ကို ပြီးခဲ့တဲ့ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်လောက်က ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီလယ်ယာမြေတွေပေါ်မှာ စိုက်ထားတဲ့ ယူကလစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ဝဲကြီးရွာသား ၆ ယောက်ကို ဇေယျာသီရိမြို့နယ် ရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က ဝဲကြီးရွာမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စဉ် ပဋိပက္ခဖြစ်ခဲ့တာပါ။
ကိုဇော်လတ်နဲ့ ရွာသား ၁ဝ ယောက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက တိမ်းရှောင်နေခဲ့ပြီး ဒီနေ့ ကျည်တောင်ကန်ရဲစခန်းမှာ သွားရောက် အစစ်ဆေး ခံခဲ့တာပါ။