ရေးမြို့က မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး
2017.02.15

မွန်ပြည်နယ် ရေးမြို့မှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို လက်နက်ရှိ၊ မရှိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးရှာဖွေပြီး ဆက်သွယ်ရေးစက်တစ်လုံး သိမ်းဆည်းသွားတယ်လို့ ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။
အခုလိုလုပ်တာဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလျောနည်းစေတယ်လို့ ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအုပ် နိုင်သန်းက ပြောပါတယ်။
ဒီနေ့မနက် ၁၁နာရီက ရေးမြို့အခြေစိုက် ခမရ ၅၈၇ က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အင်အား ၂၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးက ဆက်ဆံရေးရုံးကို လက်နက်ရှိ မရှိ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ဆေးရာမှာလက်နက်မတွေ့ဘဲ အရင်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးစဉ်ကတည်းက အသုံးပြုနေတဲ့ ဆက်သွယ်ရေး စက်တစ်လုံးကို သိမ်းဆည်းသွားတာဖြစ်ပါတယ်။
မနေ့ကလည်း ဘုရားသုံးဆူ - သံဖြူဇရပ် ကားလမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူ မြို့အထွက်နားက မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်နှစ်ခုဖြစ်တဲ့ ဘုရားတောင်ဂိတ်စခန်းနဲ့ သံဖြူဇရပ်မြို့ အဝင်မှာရှိတဲ့ ဇီးနှစ်ပင်ဂိတ်စခန်းတို့ကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းတဲ့အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။
ဒီနေ့မှာ အစိုးရတပ်မတော်ယာဉ်တွေဟာ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူတစ်လျောက်မှာ စစ်ရေးလှုပ်ရှားတာတွေပြု လုပ်နေပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။