စစ်တပ်နဲ့ရဲတို့ မြို့ကြီးတွေပေါ်မှာ ဝင်ရောက် တပ်စွဲတာကို ဒေသခံတွေ ကန့်ကွက်ကြ

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)
2021.03.08

စစ်တပ်နဲ့ ရဲတွေဟာ မြို့ကြီးတွေပေါ်က ဘုရားစေတီဝန်းတွေ၊ တက္ကသိုလ်ကျောင်းတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ဝင်ရောက်နေရာယူ တပ်စွဲလာကြတဲ့အပေါ် ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေကို ပစ်ခတ်ဖြိုခွဲတာကြောင့် ပြည်သူတချို့ ဒဏ်ရာရခဲ့ကြပါတယ်။

တစ်ပြည်လုံးက မြို့ကြီးတွေမှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့ဘက်လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေ ကို စစ်တပ်နဲ့ ရဲတို့က သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းသလို ညဘက်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တွေထဲဝင်ပြီး ပစ်ခတ်တာတွေ၊ ဖမ်းဆီးတာတွေနဲ့ ဆေးရုံ၊ ကျောင်းနဲ့ ဘုရားစေတီဝန်းတွေထဲက ဝင်ရောက်နေရာယူ တပ်စွဲနေကြပါတယ်။

မကွေးတိုင်း ရေနံချောင်းတက္ကသိုလ်မှာ မတ် ၇ ရက် မနေ့ ညနေပိုင်းလောက်က စစ်တပ်နဲ့ ရဲတို့က ဝင်ရာက် တပ်စွဲတာကြောင့် ပြန်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် လေးဦး အဖမ်းခံရပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့လို့ တက္ကသိုလ်ကျောင်းရှေနဲ့ ဆီဆိုင်ရှေ့တို့မှာ ကျောင်းသားနှစ်ဦး ရာဘာကျည် ထိမှန်ခဲ့သလို ပြည်သူတစ်ဦး ကြောက်လန့်ပြီး သတိမေ့ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရေနံချောင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ကျောင်းထဲမှာ စစ်သားတွေ ဝင်နေလို့ ကျောင်းသားတွေအကုန်လုံးက စစ်သားတွေ အဝင်မခံတဲ့အတွက် သွားပြီးတော့ ဆန္ဒပြတယ်။ ပြီးတော့ ရဲတွေ ရောက်လာတယ်။ ခဏနေတော့ အချုပ်ကား ရောက်လာ တယ်။ ပြည်သူတွေနဲ့ ကျောင်းသားတွေက အချုပ်ကားကို ဝိုင်းထားပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာကို သူတို့က အရင်မိုးပေါ် ထောင်ပြီး သေနတ်ဖောက်လိုက်တော့ အကုန်လုံးက ပြေးကြရော၊ ပြေးကြတဲ့အခါမှာ ကျောင်းထဲကရှိတဲ့ စစ်သားတွေက မျက်ရည်ယိုဗုံးတွေပစ်တယ်။ အဲမှာ မေ့လဲတဲ့သူတွေလည်း ရှိတယ်။ ဒဏ်ရာရတာကတော့ chemistry က ကောင်လေး တစ်ယောက်က ပေါင်မှာ ရာဘာကျည် နှစ်ချက် ပစ်ခံရတယ်။"

ဒီလိုအကြမ်းဖက်ဖြိုခွဲတာကြောင့် လေးဦး အဖမ်းခံရသလို ကျောင်းသားတွေလည်း နေအိမ်တွေ၊ အဆောင်တွေကနေ တိမ်းရှောင်နေရတယ်လို့လည်း သမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ချင်းပြည်နယ်မှာလည်း ဟားခါးတက္ကသိုလ်ကျောင်းဝန်းအပါအဝင် တီးတိန်နဲ့ ဖလမ်းပြည်သူ့ဆေးရုံတွေမှာ မနေ့ ညနေပိုင်းကစပြီး စစ်သားတွေ တပ်စွဲထားတယ်လို့ ဖလမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖလမ်းဆေးရုံမှာ လုံခြုံရေးဆောင်ရွက်ပေးတယ်ဆိုပြီး စစ်သားတွေ လေးယောက်လား ၊ငါးယောက်လား ရှိနေတယ်ဆိုတဲ့ဟာလည်း သိရတယ်။ဒီမှာက အခြေအနေက ငြိမ်ပါတယ်။ စစ်တပ်က လုံခြုံရေး ယူပေးစရာ မလိုဘူး။ သူတို့လုပ်တာက ပိုပြီးမလုံခြုံဘူးလို့ ခံစားရတယ်။ ဒီဖလမ်းမြို့ခံတွေအနေနဲ့ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း အရေးပေါ်အခြေအနေတွေအတွက် ဆေးရုံမှာ ကြည့်ပေး နေပါတယ်။ ကျန်တဲ့ အရေးပေါ်လူနာမဟုတ်တဲ့သူတွေကတော့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေ အခမဲ့ဆေးခန်းမှာ ပြကြတယ်။"

ဟားခါးတက္ကသိုလ်မှာတော့ စစ်တပ်က တပ်စွဲထားပြီး သူတို့အပြင်ထွက်မရအောင် ဒေသခံတွေက ကျောင်းဝန်း တံခါးကို မနေ့ ညနေပိုင်းမှာ သော့တွေခတ်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အစိုးရကျောင်းနဲ့ ဆေးရုံတွေကို လာသိမ်းမယ်ဆိုပြီး သတင်းတွေကြားလို့ ပြည်နယ်စစ်ကောင်စီက တပ်မတော် ကို လုံခြုံရေးယူခိုင်းတာကြောင့် အခုလို လုံခြုံရေးယူပေးခြင်းဖြစ်တယ်လို့ လာရောက်တပ်စွဲတဲ့ စစ်တပ်က ဟားခါးတက္ကသိုလ် ပါမောက္ခချုပ်ကို ပြောတယ်လို့ သိရပါတယ်။ စစ်တပ် အင်အားက အယောက် ၂၀ လောက် ရှိမယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ တကောင်းဘုရားဝန်းထဲမှာလည်း စစ်တပ်က လာရောက်တပ်စွဲထားတဲ့အပေါ် ဒေသခံတွေက မကျေနပ်တာကြောင့် သံပုံးတီးပြီး ဘုရားဝန်းအတွင်း တပ်စွဲတာကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပေမယ့် ဆက်လက်နေရာယူ တပ်စွဲထားခဲ့ပါတယ်။

ရန်ကုန်က ကျောင်း၊ ဆေးရုံတွေ အတော်များများမှာလည်း မနေ့က စစ်တပ်နဲ့ ရဲတွေက နေရာယူ စခန်းချထား ပါတယ်။

ရန်ကုန်အရှေ့ပိုင်း ဂန္ဒီဆေးရုံ၊၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံ စတဲ့ဆေးရုံတွေမှာ နေရာယူ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောကြသလို ရန်ကုန်အနောက်ပိုင်း ဆေးရုံဝန်းထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာတွေကို လည်း ဒေသခံတစ်ဦးက ဗီဒီယိုနဲ့ မှတ် တမ်းတင်ထားနိုင်ခဲ့ပါတယ်။

မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ မနေ့က ညနေ ၅ နာရီလောက်က စစ်တပ်က ဝင်ရောက် တပ်စွဲထားတာ ပြန်ထွက်ပေးဖို့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဒေသခံတွေ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဥက္ကလာဒေသခံတစ်ဦးက ဆိုပါတယ်။

"သူတို့ဝင်ပြီး တပ်စွဲထားတယ်။ ပထမတော့ ညနေ ၅ နာရီလောက်က ရိုးရိုး ရဲကားပဲ ဝင်လာတာ။ ဝင်လာပြီးတော့ ရိုးရိုးရဲကားမှာ လူသိပ်မပါဘူး။ သူတို့ဝင်လာကတည်းက ဝေဘာဂီမှာရှိတဲ့ ရပ်ကွက်က လူတွေက သူတို့ကို အဝင်မခံဘူး။ သူတို့ထွက်ဖို့အတွက်ကို သံဗုံးတွေတီး၊ အော်ဟစ်ပြီး ဆန္ဒပြကြတယ်။ အဲလိုနဲ့ပဲ ညနေ ၈ နာရီလောက်မှာ လူတွေက မာရှယ်လော ရှိတဲ့အတွက် ကိုယ့်အိမ်ကိုယ် ပြန်ကြတဲ့အခါ မှာပဲ သူတို့က နောက်ထပ် စစ်ကား ဆယ်စီးလောက်နဲ့ ရောက်လာတယ်။ သူတို့က အထဲကနေပြီးတော့ အသံဗုံးတွေ တစ်လုံးပြီး တစ်လုံး အများကြီးပဲ အလုံး ၂၀ လောက်ရှိတယ်။ ပစ်တာ။ သူတို့က ထွေအုပ်ရုံး ရယ်၊ ရဲစခန်းရယ်၊ ဝေဘာဂီ ဆေးရုံရယ် အဲဒါတွေကို ပစ်မှတ်ထားတယ်။ သူတို့ အဲလိုအသံဗုံးတွေ ပစ်တဲ့အခါမှာ လူတွေ ထိခိုက်ဒဏ်ရာ တော်တော်များများ ရကြတယ်။ တချို့လူနာတင်ကားတွေလည်း လာလို့မရတော့ ကိုယ့်ဘာသာကိုယ်ပဲ အိမ်တွေထဲမှာ CDM လုပ်နေတဲ့ ဆရာဝန်တွေက ကုပေးတယ်။"

လူထုဆန္ဒပြအင်အား ပိုတိုးမလာနိုင်အောင် အခြေခံအင်အားတွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေ စတဲ့အင်အားစုတွေရဲ့ အဓိက စုရပ်ဖြစ်တဲ့ တက္ကသိုလ်၊ ဆေးရုံတွေကို တစ်ဆင့်တိုးပြီး ဖြိုခွဲဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"လူထုဆန္ဒပြအင်အား တိုးပွားမလာဖို့ဆိုပြီး အခြေအမြစ်ကျတဲ့နေရာတွေမှာ သူတို့က ဝင်ပြီး နေရာ ယူထားဖို့ ရည်ရွယ်ပြီးတော့ ကျောင်းတွေနဲ့ ဆေးရုံတွေကြားထဲမှာ ဒီလိုစစ်တပ်က ကြိုပြီးတော့ နေရာ ဝင်ယူထားတဲ့ သဘောပါပဲ။ ဒါကတော့ သူတို့ရဲ့ဖြိုခွဲရေး မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုပေ့ါ။ ဒါပေမဲ့ လူထုကတော့ ဒီတိုက်ပွဲကို အဆုံးထိတိုက်ပွဲဝင်မယ်လို့ ဆန္ဒပြုထားတဲ့အလျောက် လူထုကလည်း ဖြစ်တဲ့ နည်းနဲ့ စုရပ်တွေကို မသွားတော့ဘဲနဲ့ တိုက်ရိုက်ဆန္ဒပြပွဲတွေထဲ ဝင်ရောက်လာတဲ့အနေအထားပါ။ အဲတော့ လုံခြုံရေးအင်အားတွေ ပိုပြီးကျယ်ပြန့်စွာ အသုံးပြုလာရတဲ့အတွက် သူတို့အခက်အခဲတွေ ပိုပြီး ကြုံလာ ရနိုင်တယ်။"

တပ်နဲ့ ရဲဟာ ညအချိန်မတော်မှာလည်း ရပ်ကွက်တွေထဲဝင်ပြီး လိုက်လံပစ်ခတ်၊ ဆဲဆိုတာတွေ လုပ်ခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ ညမှာဆိုရင်လည်း ရန်ကုန်မြို့အတွင်းက လှိုင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ အင်းစိန်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ သာကေတ၊ ရန် ကင်း၊ သင်္ကန်းကျွန်း၊ ဗဟန်း ၊ စမ်းချောင်း၊ လှိုင်သာယာ၊ မရမ်းကုန်း စတဲ့ မြို့ တော်တော် များများမှာ ပစ်ခတ်တာတွေ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

ပြည်သူတွေကိုကြောက်အောင် ခြောက်လှန့်နေတဲ့ သူတို့ရည်ရွယ်ချက်ကိုသိလို့ ဒီထက်ပိုပြီး တော်လှန် သွားမယ်လို့ မြောက်ဒဂုံမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

"ကျွန်မတို့ လူငယ်တွေအနေနဲ့ကတော့ ဒီလိုမျိုးဖြစ်နေတာကို မခံချင်ဘူး။ ရတဲ့နည်းလမ်းနဲ့ ပြန်ပြီးတော့ သူတို့ကို တော်လှန်မယ်။ တုံ့ပြန်မယ်။ အဲလိုစိတ်မျိုးရှိတယ်။ ဒါပေမဲ့ အသက် ၅၀ အထက် လူကြီးတွေ ကျတော့ ကြောက်တဲ့စိတ်ဖြစ်တယ်။ မနေ့ကဆိုရင် ကျွန်မတို့လမ်းထိပ်အထိကို ဝင်ပြီးတော့ ပစ်တယ်။ အသံတွေကလည်း အရမ်းဆူညံတယ်။ အိမ်ကလူကြီးတွေဆိုရင် မီးမှိတ်ပြီးတော့ နေဖို့တွေအထိ သူတို့ ကြောက်တယ်။ အောက်ဘက်မှာလည်း ကင်းသမားတွေရှိတော့ ကင်းသမားတွေကို အိမ်ပေါ်ပြန်တက်ဖို့ တွေအထိ စိုးရိမ်ကြတယ်။ ဒါပေမဲ့ လူငယ်တွေအမြင်မှာကျတော့ တစ်မျိုးဖြစ်တယ်။ ဒီလိုမျိုးတွေ လုပ်တာက ကျွန်မ တို့ကို ကြောက်စေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ပြန်ပြီးတွန်းလှန်ရမယ်။ တုံ့ပြန်ရမယ်ဆိုတဲ့ အသိရှိတယ်။”

စစ်တပ်နဲ့ ရဲတွေဟာ အခုရက်ပိုင်းညအချိန်မှာ အင်အားများစွာသုံးပြီး ရပ်ကွက်ထဲဝင်ပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးတာတွေလုပ်၊ ခြောက်လှန့်နေပေမယ့် ပြည်သူတွေကတော့ ဒေသအလိုက်၊ လမ်းအလိုက်၊ ရပ်ကွက် အလိုက် ကိုယ့်အုပ်ချုပ်ရေး ကိုယ်ထူထောင်ပြီး စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာနဲ့ ဆန့်ကျင်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းများ
မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။