ကလေးမြို့မှာ စစ်တပ်နဲ့ရဲက တင်းကျပ်စစ်ဆေး
2021.04.20
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရလို့ လူပေါင်း ၃၀ လောက် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆန္ဒပြပွဲတွေဟာ နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်ရက်ဆက် ပေါ်ပေါက်နေသလို စစ်တပ်နဲ့ ရဲကလည်း ဧပြီလ ၁၄ ရက်နေ့လောက်ကစပြီး ဒီနေ့အထိ အင်အား အများအပြားနဲ့ တင်းကျပ် စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ ဆက်စပ်ပြီးတော့ မြို့ရဲ့အဓိကလမ်းမတွေနဲ့ လမ်းကြိုလမ်းကြားတွေမှာပါ ယာဉ်အသွားအလာတွေကို ရပ်တန့်စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
စစ်တပ်နဲ့ ရဲတွေဟာ မြို့အနှံ့နေရာစုံ လိုက်လံစစ်ဆေးနေတာလို့ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့တွေက နေရာတိုင်းလိုလို ကင်းပုန်းချပြီး စစ်ဆေးရေးတွေ လုပ်နေတယ်ဗျ။ ပစ်ခတ်ပြီးတော့ နောက်ရက်ကျတော့ အခင်းဖြစ်ပွားရာနေရာက စမ်းမြို့ရပ်ကွက်ဘက်မှာရယ် စစ်တယ်။ မြို့ပြင်ဘက်တွေ မှာ စစ်တယ်။ နောက်ရက်တွေမှာ မြို့ထဲတွေရောပေါ မြို့ထဲ နေရာစုံ လိုက်စစ်နေတယ်ခင်ဗျ။"
တာဟန်းခံတပ်နဲ့ အနီးဆုံးမှာရှိတဲ့ ရပ်ကွက်တော်တော်များများကို လက်နက်တွေ ရှိ၊ မရှိ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မေးမြန်းရှာဖွေနေတာတွေ လုပ်နေတယ်လို့လည်းဆိုပါတယ်။
ဒီလို စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် ကျန်းမာရေးအတွက် ဆေးဝယ်သူတွေနဲ့ နေ့စဉ် စားသောက်ဖို့ အတွက် ဈေးဝယ်ထွက်ရတဲ့ ပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ ကျီးလန့်စာ စားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ဈေးဝယ်ထွက်တာတောင် စိုးရိမ်မှုတွေနဲ့ သွားနေရတယ်လို့ ပြောပါတယ်။
"လက်ရှိဆိုရင် ကျမတို့ အပြင်တွေမှာ ဈေးဝယ်ထွက်ချင်တာ အိမ်ထဲကလိုတဲ့ပစ္စည်း ဝယ်ချင်တာတို့ အဲဒီလို လိုချင်တာကို သွားဝယ်တဲ့အခါဆိုရင် ဥပမာ ငွေအနည်းအကျဉ်းကအစ မယူရဲဘူး။ မနေ့ကဆို လမ်းထိပ်မှာ ကောင်မလေးတစ်ယောက်ကို စစ်ဆေးလိုက်တယ်ပေါ့။ ကောင်မလေးကဖု န်းတွေဘာတွေ မပါဘူး။ တူးဘောက်တွေ ဘာတွေဖွင့်ခိုင်းတယ်။ ဈေးဝယ်ထွက်တဲ့ ပိုက်ဆံခုနှစ်သောင်း ပါတယ်။ အဲဒီခုနှစ်သောင်းကို ယူသွားတာ ကောင်မလေးက မယူဖို့ပြောတယ် ငိုပြီးမှပေါ့နော်။ ဒါပေမဲ့ မရဘူး ယူသွားတယ်။"
ကလေးမြို့မှာတော့ စစ်တပ်နဲ့ ရဲက ညအချိန်တွေမှာ ကားနဲ့လှည့်လည်ပြီးတော့ လေးဂွ၊ မီးပုလင်း၊ လက်လုပ် သေနတ်၊ ဖန်ပေသီး စတဲ့ လက်နက်တွေကို ပြန်အပ်ဖို့ နေ့စဉ်လိုလို နှိုးဆော်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ ရဲက တင်းကျပ်စစ်ဆေးတာတွေကြောင့် တာဟန်းရပ်ကွက် အနီးမှာရှိတဲ့ ပြည်သူတွေဟာ နေအိမ်မှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာဆွေမျိုး အသိအိမ်တွေနဲ့ တောတောင်တွေမှာ ထွက်ပြေးသိမ်းရှောင်နေရသူ တစ်သောင်းဝန်းကျင်လောက်ရှိနေတယ်လို့ အကူအညီပေးနေတဲ့ မြို့ခံတွေကပြောပါတယ်။
အခုလိုထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ အိမ်တွေကိုပိတ်ပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင် သွားကြသူတွေ များတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ဆိုင်တွေဘာတွေလည်း မဖွင့်ဘူး။ အိမ်တွေလည်း အကုန်သော့ပိတ်ပြီး မိသားစုလိုက် ပြောင်းသွားကြတာ က များတယ်။ တာဟန်းရပ်ကွက်လို့ ခေါ်ရမှာပေါ့နော်။ အခု ဟိုတစ်ခါ ပစ်သွားတာက မွန်းလိုင်ဘက်ထိ ရောက်သွားတယ်ဆိုတော့ မွန်းလိုင်ဘက်ကလည်း တော်တော်များများ ပြောင်းသွားကြတယ်။ အခုက အခြေအနေက ဘာမှန်းမသိတော့ တချို့က ပြန်မလာကြသေးဘူး။"
စစ်တပ်နဲ့ ရဲတွေက လုံခြုံရေး အများအပြားနဲ့ မြို့တွင်းလှည့်လည်သွားလာတာ၊ စစ်ဆေးတာတွေ နေ့စဉ် လုပ်ဆောင်နေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေဘက်ကလည်း စစ်တပ်နဲ့ရဲကို ရှောင်တိမ်းပြီး နေ့စဉ်ဆန္ဒပြတာတွေရှိနေပါတယ်။
စစ်တပ်နဲ့ရဲက ဆန္ဒပြပွဲတွေကို နှိမ်နင်းတာတွေလုပ်နေပေမယ့် ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့မြို့ပေါ်မှာ သပိတ်စစ်ကြောင်း သုံးကြောင်းနဲ့ ချီတက်နေတယ်။ ရပ်တန့်သွားဖို့တော့ မရှိပါဘူး။ အခုက အမျိုးသားညီညွတ်ရေးအစိုးရလည်း ဖွဲ့လိုက်ပြီဆိုတော့ပေါ့နော်၊ ဒီဟာကိုအားကောင်းတဲ့ အရှိန်နဲ့ ဆက်သွားဖို့ ရှိပါတယ်ခင်ဗျ။”
ကလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကစပြီးတော့ စစ်တပ်နဲ့ ရဲတို့က မြို့ပေါ်က ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီက အင်အားသုံးပြီး ဖြိုခွင်းတာတွေလုပ်ဆောင်နေတာဖြစ်ပြီး သေဆုံးသူ ၃၀ ခန့် ရှိနေပြီဖြစ်ပါတယ်။
ကလေးမြို့မှာ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီးတော့ ဒီနေ့အထိ အနည်းဆုံး လူ ၁၈ ဦးအထိ ဖမ်းဆီးခံ ထားရပါတယ်လို့ မြို့ခံတွေက ပြောပါတယ်။