ငှက်ဖျားတိုက်ဖျက်ရေးအောင်မြင်နေဟု မြန်မာ ဒုဝန်ကြီးပြော


2015.08.06

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကူးစက်ခံရမှုဟာ အခုလေးငါးနှစ်အတွင်း ၃ ပုံ ၁ ပုံလောက် လျော့ကျသွားပြီး၊ ကုလသမဂ္ဂ ရဲ့ထောင်စုနှစ်ရည်မှန်းချက်အရ ငှက်ဖျားရောဂါကို အနိုင်ရနေပြီလို့ မြန်မာအစိုးရ ကျန်းမာရေးဌာန တာဝန်ရှိသူက မနေ့ က ပြောလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ကိုယ်စားလှယ်တွေအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် ကိုယ်စားလှယ်တွေ၊ ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ နယ်စပ်ဒေသ က တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေ က မြန်မာနိုင်ငံက ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့ လာရေးဌာန မှာ မနေ့နေ့လည်ကဟောပြောခဲ့ကြပါတယ်။

အဲဒီ ဟောပြောပွဲအပြီး RFA ရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ကျန်းမာရေးဒုတိယ ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး က RFA ကိုအခုလိုပြောတာဖြစ်ပါတယ်။

"ထောင်စုနှစ်ရည်မှန်းချက်ကို အမတို့ကပြည့်ခဲ့တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်နှစ် ကို ငှက်ဖျားလူနာ ၆ သိန်းကျော်ဖြစ်ရာကနေ၊ ၂၀၁၄ ခုနှစ်မှာ ၂ သိန်းပဲဖြစ်တယ်၊ ဒါပေမယ့် ဒီကိုလာတဲ့ အစည်းအဝေးကတော့ အိမ်နီးချင်းနိုင်ငံပေါ့နော်၊ ယိုးဒယားနယ်စပ်နဲ့ ကမ္ဘောဒီးယားနယ်စပ် အဲ့ဒီမှာ အခု သုံးနေတဲ့ ငှက်ဖျားကိုတိုက်ဖျက်တဲ့ဆေးကို ယဉ်ပါးတာပိုဖြစ်နေတယ်ပေါ့နော်၊ အဲ့ဒါကြောင့် ငှက်ဖျားမကူးဆက်အောင်လုပ်မှ ဒီယဉ်ပါးတာကို မကြောက်ရတော့ဘူး၊ အဲ့ဒါဆိုရင် မြန်မာနိုင်ငံအတွက်ရော၊ အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်း မဲခေါင်ချိုင့်ဝှမ်းဒေသ တွေမှာရော၊ အရေးကြီးတယ်ဆိုပြီးတော့ ငှက်ဖျားကို လုံးဝပျောက်အောင်တိုက်ဖျက်မယ် ဆိုပြီးတော့ အစည်းအဝေးလာလုပ်ကြတာပါ"

ဒီခရီးစဉ်မှာ အခုလိုအစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့အတူ NLD ကိုယ်စားလှယ် တွေ ပါဝင်လာတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒအရဖြစ် တယ်လို့ ကျန်းမာရေးကွန်ရက် အဖွဲ့ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက RFA ကိုပြောပါတယ်။

"အားလုံးဝိုင်းပြီးတော့ ဒီအရေးကြီးတဲ့ အဖွဲ့အစည်းတွေပေါင်းလုပ်နိုင်ရင် အလွန်အရေးကြီးတဲ့ ဒီရောဂါကို အပြီးအပိုင်ပြတ်တောက်အောင်လုပ်နိုင်မယ်လို့ ယုံကြည်လို့ ကျနော်လာခဲ့တာ၊ ဆိုလိုတာက အားလုံးလက်တွဲပြီးလုပ်မယ်ဆိုရင် ဘယ်အခက်အခဲမဆို ကျော်လွှားနိုင်မယ်လို့ ကျနော်ထင်တယ်၊ NLD ဆိုရင်ရွေးကောက်ပွဲဝင်တဲ့အခါမှာ သူရဲ့ပေါ်လစီကဘာလည်းဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး သင့်မြတ်ရေးဆိုတာ တွေ့ရမယ်၊ ဆုံရမယ်၊ စကားပြော ရမယ်၊ ဒါကိုလည်း ကျနော်သဘောကျလို့ လိုက်ခဲ့တာပါ"

ခရီးစဉ်မှာ အစိုးရကျန်းမာရေးဝန်ကြီးဌာနအပြင်၊ နိုင်ငံခြားရေးဌာန၊ ကာကွယ်ရေးဌာနက ပုဂ္ဂိုလ်တွေလည်းပါဝင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။