ချင်းပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းနဲ့ ရွာအချို့မှာ ငှက်ဖျားဖြစ်သူများလာ
2023.07.19
စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေမလုံခြုံလို့ ထွက်ပြေးနေရတဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေမှာ ငှက်ဖျားရောဂါအဖြစ်များလာတယ်လို့ ဆရာ၀န်တွေနဲ့ အကူအညီပေးနေတဲ့ ချင်းရေးရာ အဖွဲ့ချုပ်က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အစုလိုက်နေရတဲ့အပြင် မသန့်တဲ့ရေတွေ သောက်နေ ရတာကြောင့် ဒုက္ခသည် စခန်းတွေအပြင် ရွာတွေဘက်မှာပါ ငှက်ဖျားရောဂါ အဖြစ်များ လာတာလို့ ချင်းရေးရာအဖွဲ့ချုပ် အဖွဲ့၀င်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ချင်းရေးရာအဖွဲ့ က ချင်းပြည်နယ်မြောက်ပိုင်း လက်လှမ်းမီတဲ့ နေရာ တွေမှာ ကျန်းမာရေး လုပ်ပေးတာရှိတယ်။ အဲဒီမှာ ငှက်ဖျားရောဂါလက္ခဏာတွေ တွေ့ရတယ်။ ဖြစ်တဲ့သူတွေလည်း များတယ်ပေါ့။ ကျွန်တော်တို့က ချင်းပြည်နယ် တစ်ခုလုံးကိုတော့ မလုပ်နိုင်သေးဘူး။ အရေအတွက်အတိအကျတော့ ပြောလို့ မရသေးဘူး"
ဒေသခံတွေကတော့ ငှက်ဖျားရောဂါခံစားရသူတွေအတွက် ဆေးဝါးကုသမှုနဲ့ ဆေးဝါးမလုံ လောက်မှုကြောင့် အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးကလည်း ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့က ရွာတိုင်းနီးပါးမှာ ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
"ဒီမှာ အခုဖြစ်နေတဲ့ ငှက်ဖျားဟာ ပြန်ပြန်ပေါ်နေတတ်တဲ့ ရောဂါဖြစ်တာတွေ့ရတယ်။ အဓိကတော့ ဆေးဝါး တွေမရှိဘူး။ သက်တမ်းကုန်တဲ့ဆေးတွေ သုံးနေရတယ်။ ဆေးမရှိဘူး။ ဆေးတွေ လုံလုံလောက်လောက် မရှိဘူး"
အရင်က ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှု နည်းပါးခဲ့ပေမယ့် စစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှာမှ ငှက်ဖျားရောဂါဖြစ်သူတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘယ်လို ဆောင်ရွက်ပေးနေလဲ သိနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။