ဖမ်းခံရသူတွေကို ကူညီဖို့ ANP ဥပဒေအထောက်အကူပြုကော်မတီ ဖွဲ့စည်း


2018.01.26
dr-ayemaung-arrest-622 ဒေါက်တာအေးမောင် ကို စစ်တွေမှာ ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့စဉ်
Photo: Min Thein Aung/RFA

မြောက်ဦး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေနဲ့ ရသေ့တောင်စာပေဟောပြောပွဲမှာ ဟောပြော ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင် တို့ကို အကူအညီပေးဖို့အတွက် ရခိုင်အမျိုးသားပါတီ ANP က ပါတီဝင် ရှေ့နေ  ၄ ဦးပါဝင်တဲ့ ဥပဒေအထောက် အကူပြုကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

ရှေ့နေမငှားနိုင်သူတွေကို လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာတွေကို အကြံပြုတာတွေ၊ ဥပဒေနဲ့အညီ ဥပဒေရေးရာ သက်သာခွင့်တွေရဖို့အတွက် လိုအပ်တဲ့အထောက်အကူတွေပေးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

"ရှေ့နေ၊ ရှေ့ရပ်မငှားနိုင်ဘူး၊ ရှေ့နေလိုအပ်တယ်ဆိုရင် ကျနော်တို့က လိုက်ပါဆောင်ရွက်ပေးပါမယ်၊ ဥပဒေပိုင်းဆိုင်ရာတွေအနေနဲ့ အကြံပြုတာတွေ လိုအပ်ရင်လည်း ကျွန်တော်တို့ အကြံပြုမယ်၊ ဥပဒေနဲ့ အညီပေါ့၊ ဥပဒေရေားရာ သက်သာခွင့်တွေ ရဖို့အတွက်လည်း လိုအပ်တဲ့အထောက်အကူတွေ ကျနော် တို့ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၈ခု ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်တို့ ရခိုင် အမျိုးသားပါတီ ဗဟိုဌာနချုပ်မှာ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေကို ခေါ်ယူတင်ပြ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဖွဲ့စည်းပေးလိုက်တာ ခင်ဗျ။"


အဲဒီကော်မတီမှာ ဝါရင့်ရှေ့နေကြီး ဦးကျော်သန်းနဲ့ ဦးသာဝင်း၊ ရခိုင်အမျိုးသားပါတီဝင် တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးဘရှိန်၊ ဒေါ်အေးနုစိန်၊ ဦးတင်ညိုနဲ့ အထက်တန်းရှေ့နေဖြစ်တဲ့ ဦးထွန်းအောင်ကျော်တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညက မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ ၂၃၃ နှစ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပတ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေထဲက ၈ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်တွေဆေးရုံ အချုပ်ဆောင်မှာထားရှိ တာဖြစ်ပါတယ်။

အဲဒီ ၈ ယောက်ကို ANP ရဲ့ ဥပဒေအထောက်အကူပြု ကော်မတီဝင်တွေက  သွားရောက်တွေ့ဆုံသွားမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီလအစောပိုင်းက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲ မှာ လက်နက်ကိုင်တော်လှန်ဖို့ ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ /၁ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေး ဆရာ ဝေဟင်အောင် တို့ကိုလည်း ရုံးထုတ်မယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အခြေအနေကြည့်ပြီး သွားရောက်တွေ့ ဆုံဖို့ စီစဉ်ထားတယ်လို့လည်း ဦးထွန်းအောင်ကျော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။