မန်တုံမှာ ရွာသားနှစ်ဦး ပျောက်ဆုံးနေ၊ ကွတ်ခိုင်မှာ ဒေသခံလေးရာကျော် ထွက်ပြေးရ

တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရတဲ့ မန်တုံမြို့နယ် ဆိုင်လိန်ရွာသားတစ်ဦးဟာ မနေ့ညပိုင်းကအထိ ရွာကိုပြန်လည်ရောက်ရှိမလာသလို နောက်ထပ်ရွာသားတစ်ဦးလည်း ပျောက်ဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် တောင်ယာစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ဆိုင်လိန်ရွာသား ၁၃ ဦးကို မြန်မာ့တပ်မတော် ခလရ (၄၂၁) က လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းမှာတော့ ၁၂ ဦးသာ ရွာကိုပြန်ရောက်လာတယ်လို့ တအာင်းအမျိုးသမီးများအဖွဲ့က လွေးကုကု က ပြောပါတယ်။
ရွာကိုပြန်မရောက်လာတဲ့ တစ်ယောက်ကတော့ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ မနေ့က ညနေပိုင်းမှာလည်း အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦး ရွာကနေ ပျောက်ဆုံးသွားပြီး ဘယ်အဖွဲ့က ဖမ်းဆီးသွားတာလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ - အသေးစိတ်မသိရှိရသေးကြောင်းနဲ့ လုံခြုံရေးအရ ခေါ်သွားတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
“ဒီဟာနဲ့ပတ်သက်ပြီး အသေးစိတ်တော့မသိသေးဘူး၊ လမ်းပြအဖြစ် ခေါ်ဆောင်သွားတာထက် သူတို့ဆီက ပြန်လွှတ်လိုက်တယ်ဆိုတာပြောတာလည်းရှိတယ်၊ တချို့နေရာတွေမှာ လုံခြုံရေးအရ သွားနေတဲ့စစ်ကြောင်းရှိတယ်၊ အဲစစ်ကြောင်းက တစ်ခါတလေ အရပ်သားတွေဆုံရင် သူတို့လုံခြုံရေးအတွက်၊ ဒါမှမဟုတ် သတင်းမပေါက်ကြားရေးအတွက် လုံခြုံတဲ့နေရာအထိ ခေါ်ဆောင်သွားရတာရှိတယ်၊ အဲလိုမျိုးခေါ်ဆောင်သွားတာပဲ ဖြစ်နိုင်တယ်”
ပြန်လည်ရောက်ရှိလာသူတွေထဲမှာ အသက် ၁၄ နှစ် အရွယ်ယောကျာ်းလေးတစ်ဦးနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
တအာင်း/ပလောင် တိုင်းရင်းသား အများအပြား နေထိုင်တဲ့ မန်တုံမြို့နယ်ဟာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ လှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖဲ့ွ TNLA တို့ စက်တင်ဘာ ၂၄ ရက်နေ့က တိုက်ပွဲကြောင့် ကုန်းဆာရွာနဲ့ ပါဂျူရွာက ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့မနက်ပိုင်းထိ ကုန်းဆာရွာအနီးတောင်ကြောတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အိမ်ခြေ လေးဆယ်ကျော်၊ လူဦးရေ ၁၅၀ လောက်ရှိတဲ့ ကုန်းဆာကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ ရွာသူကြီး ဦးပန်းအောင်က ပြောပါတယ်။ သူတို့အားလုံးဟာ မန်တုံ၊ နမ့်ဟူးဒဲ့၊ မန်နောင် စတဲ့ ကျေးရွာတွေနဲ့ နီးစပ်ရွာဆွေမျိုးနေအိမ်တွေမှာ ခိုလံှုံနေကြတာလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ကျေးရွာအတွင်းက နေအိမ်သုံးလုံးလောက် လက်နက်ထိမှန်လို့ ပျက်စီးမှုရှိသလို ကျေးရွာအတွင်းနဲ့ကုန်းဆာတောင်ကြောတဝိုက်မှာလည်း တပ်မတော်စစ်ကြောင်းတွေ နေရာယူထားဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကုန်းဆာကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
ပါဂျူကျေးရွာအပါအဝင်နီးစပ်တဲ့ ကျေးရွာတချို့က ရွာသား သုံးရာလောက်ကတော့ ဘုရားကျောင်းနဲ့ သင်းထောက် ဆရာတွေရဲ့နေအိမ်တွေမှာ ယာယီနေထိုင်ကြပါတယ်။
မနေ့ကတော့ ကွတ်ခိုင်မြို့က ပရဟိတအဖွဲ့တွေဟာ မန်တုံရွာကိုရောက်လာတဲ့ စစ်ရှောင် ရွာသားတစ်ရာကျော်အတွက် ငါးရက်စာ စားစရာတွေ သွားရောက်ပို့ဆောင်ခဲ့ကြတယ်လို့ ကွတ်ခိုင်မြို့ ဗြဟ္မစိုနှလုံးသားလူမှုကူညီရေးအသင်းက ကိုတင်ဝင်းက ပြောပါတယ်။
ဒီကနေ့မှာတော့ ကွတ်ခိုင်မြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ဒေသခံတွေကြားမှာ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်း ထပ်မတိုးတော့ဘူးလို့ ပြောပြီးနောက်ပိုင်း တိုက်ပွဲတွေပိုပြင်းထန်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ကိုတင်ဝင်း က ပြောပါတယ်။
ဒါကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် ဒေသခံတွေအတွက် အရေးပေါ်ကူညီ ထောက်ပံ့မှုတွေ ရရှိနိုင်ဖို့ စားနပ်ရိက္ခာတွေကြိုတင်ပြင်ဆင်စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ကုန်းဆာ၊ ပါဂျူ၊ နမ့်ဟူးဒဲ့ကျေးရွာတွေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း တိုက်ပွဲဖြစ်လို့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုကံသာ တင်ပြသည်။)