တောရိုင်းတိရစ္ဆာန် မှောင်ခိုလုပ်ငန်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မြန်မာကို EU တိုက်တွန်း


2018.02.28
elephant-622.jpg ဆင်တစ်ကောင်ကို တွေ့ရစဉ်
Photo: http://elephant-project.science/

ရန်ုကုန်၊ မန္တလေး ၊ ကျိုက်ထီးရိုးနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ဈေးကွက်တွေမှာ ဆင်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေတာ ပိတ်ပင်ရပ်တန့်ပစ်ဖို့ မြန်မာအစိုးရကို EU ဥရောပသမဂ္ဂက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အဖြစ် EU ဥရောပသမဂ္ဂက အခုလို ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်တွေအမဲလိုက် သတ်ဖြတ်ခံနေရတဲ့အခြေအနေ မကြုံစဖူးမြင့်တက်နေတဲ့အတွက် ဒီအတိုင်းဆက် သွားနေရင် မကြာခင်ကာလမှာ ဆင်တွေမျိုးသုဉ်းတော့မယ်လို့လည်း ထောက်ပြပါတယ်။

တောရိုင်းတိရစ္ဆာန်တွေရဲ့ အစိပ်အပိုင်းတွေကို တရားမဝင်ဆက်ပြီး ရောင်းချနေတာဟာ မြန်မာနိုင်ငံ တောရိုင်း တိရစ္ဆာန်သဘာဝကို အလွန်စိုးရိမ်စရာဖြစ်နေပြီး၊ တခြားနိုင်ငံတွေက ဈေးကွက်တွေကို ပိတ်လိုက်တဲ့အတွက်လည်း မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်ရဲ့ အဓိက ဗဟိုချက်ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ အခုဆိုရင် တရုတ်မှာ ပြည်တွင်းဆင်စွယ်မှောင်ခိုရောင်းချတာကို ဇန်နဝါရီလကစပိတ်လိုက်ပြီး၊ ဟောင်ကောင်ကလည်း ဆင်စွယ်ကုန်ကူးတာပိတ်မယ်လို့ ကတိပြုခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ကမ္ဘာ့သတ်မှတ်ချက်နဲ့အညီ မြန်မာနိုင်ငံကလည်း တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်လို့ အရေးယူဖို့နဲ့ ရာဇဝတ်မှုတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့ EU ဥရောပသမဂ္ဂက တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တဘက်မှာလည်း မြန်မာအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးကြိုးပမ်းနေတာ၊ ဇီဝမျိုးကွဲများ ကာကွယ်ရေးဥပဒေကို ခိုင်မာအောင်ကြိုးပမ်းနေတာ၊ သဘာဝနယ်မြေ ၄၀ ကျော်ကို တည်ထောင်တာ၊ အစိုးရ ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးနေတာတွေကိုလည်း EU က ချီးကျူးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။