အမေရိကန် စင်တာက ကျောင်းသားတွေနဲ့ ဗလီဆရာ အမြင်ချင်းဖလှယ်
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့ တာမွေမြို့နယ်က အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်စင်တာက iPACE ခေါ် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးအဖွဲ့ တာဝန်ခံ ၂ ဦး အပါအဝင် သင်တန်းသား ၂၂ ဦး နဲ့ အဲဒီ ဘာသာရေးကျောင်းတာဝန်ခံတို့ ဆွေးနွေးခဲ့ကြတာတွေကို ဆွေးနွေးပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်အဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က အခုလို ပြောပါတယ်။
"အမေရိကန်စင်တာမှာ ကျောင်းတက်နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ၂၀ လောက်ကို တာမွေက ဂျာမေဗလီမှာ နှစ်ဖက်လူ့အဖွဲ့အစည်းကြားမှာ အမြင်မရှင်းတာတွေ၊ နောက်ကွယ်က သွေးထိုးလှုံဆော်နေတာနဲ့ ပတ်သက်လို့ ဂျာမေဗလီက ဆရာကြီးဦးတင်မြင့်က ရှင်းပြပါတယ်"
iPACE အဖွဲ့ဟာ လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ကြောင်း သိရပါတယ်။
ဒီအဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို အမေရိကန်စင်တာ သင်တန်းသားတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ တက်ရောက်ခဲ့ကြပါတယ်။