မြန်မာ့ လွှတ်တော်သစ် အနောက် သံအမတ်တွေ ဂုဏ်ပြု
2016.02.01

ပြည်သူ့လွှတ်တော် ကျင်းပတာကို တက်ရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ သံအမတ် Dr. Roland Kobia က ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kobia က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေ ကို ပြောလိုက်တာဖြစ်ပါတယ်။
"ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါလီမန်လည်း ဖြစ်ပါတယ်၊ ဥရောပသမဂ္ဂအနေ နဲ့ ထောက်ခံတယ် ဆိုတာကို ပြသလိုတဲ့အတွက် ဒီမှာရောက်ရှိလာခြင်း ဖြစ်ပါတယ်၊ အခုကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပသမဂ္ဂ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးပွဲတွေဖြစ်လာဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်၊ ဒီမြန်မာပြည်က လွှတ်တော်ကလည်း တက်ကြွလှုပ်ရှားတဲ့လွှတ်တော် ဖြစ်စေချင် ပါတယ်"လို့ ပြောသွားတာ ဖြစ်ပါတယ်။
အလားတူ တက်ရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Andrew Patrick က ဗြိတိန်နိုင်ငံဟာ အရင်လွှတ်တော်ကတည်းက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိခဲ့ပြီး အခုလွှတ်တော်အသစ်မှာလည်း လွှတ်တော်ဆိုင်ရာ သုတေသနဌာန ၊ လွှတ်တော် စာကြည့်တိုက်အပြင် အစိုးရသစ် ဝန်ကြီးဌာနတွေကိုလည်း ကူညီသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တိုးကာ ဖေါ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
ဒီကနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ ကျော် အပြင် လေ့လာသူ ၂ဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။