အလုံ ဈေးသူဈေးသားတွေ ဆန္ဒပြ
2017.08.21

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့မှာရှိတဲ့ ဈေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကေ်ာမတီက အဆင့်မြှင့်တင် ပြီး ဈေးသစ်တည်ဆောက်ဖို့ စီစဉ်တာကို ကန့်ကွက်ပြီး မူလဆိုင်ခန်းနေရာမှာ ဈေးရောင်းချခွင့်ရရှိဖို့အတွက် အလုံဈေးသူ ဈေးသား ၅၀ ကျော်က ဒီနေ့ အလုံဈေးကနေ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြ ကြပါတယ်။
အလုံဈေးမှာ မီးသွေးရောင်းချနေတဲ့ ကိုမျိုးမင်းဦးက ဒီကနေ့ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ဒီဈေးတည်ဆောက်နေတာကို ကျနော်တို့က နှစ်ထပ်ကနေ သုံးထပ်ဖြစ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြတာ၊ ကျနော်တို့ မူလအခန်းပြန်မရတဲ့အတွက်၊ သူတို့ သုံးထပ်ဆောက်တာ ကျနော်တို့လက်ခံတယ်၊ ကျနော်တို့ မြေညီထပ်မှာ မှတ်ပုံတင်ထားတဲ့ ဆိုင်ခန်း ၂၁၆ ခန်းရှိတယ်၊ ဒီ ၂၁၆ ခန်းစလုံး သူတို့ပြောထားတဲ့အတိုင်း မူလအကျယ်အဝန်းပြန်ရမယ်ဆိုလို့ရှိရင် ကျနော်တို့ ကန့်ကွက်ဖို့မရှိပါဘူး"
ဈေးသစ်တည်ဆောက်ရေးဖို့ ခွင့်မပြုတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က အလုံဈေးသူ ဈေးသားတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဝန်ထမ်းတွေ အချင်းများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
အလုံဈေး မြေညီထပ်က ဆိုင်ခန်း ၂၀၀ ကျော်က ဆိုင်ရှင်တွေအတွက် ဈေးသစ်တည်ဆောက် ပြီးတဲ့အခါ မူလနေရာမှာပဲ ပြန်လည်နေရာချပေးမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောထားပေမယ့် ဒါသာ နှုတ်ကတိသာ ဖြစ်တယ်လို့ ဆန္ဒပြတဲ့ ဈေးသူဈေးသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့တော်ဝန်က အလုံဈေးသူဈေးသားတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမယ့် အလုံ ဈေးသူဈေးသားတွေက တွေ့ဆုံပွဲကို မတက်ရောက်ခဲ့ကြဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာ အလုံဈေးသူဈေးသားတွေကို ယာယီဆိုင်ခန်းတွေ ပေးထားပြီး ဈေးသစ်ဆောက်လုပ်နေပြီဖြစ် ပါတယ်။