ALD ပါတီ ပြန်လည်တည်ထောင်ခွင့်ရ
2017.05.02
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် တည်ထောင်ခွင့်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာတယ်လို့ ALD ပါတီက ဦးမျိုးကျော်က ပြောပါတယ်။
"ဧပြီ ၂၄ ရက်နေ့မှာ UEC ကနေပြီးတော့ ပါတီတည်ထောင်ခွင့် ချပေးတယ်ပေါ့နော်၊ ဖေဖော်ဝါရီ ၂၇ တုန်းကနေပြီးတော့ ပါတီတည်ထောင်ခွင့်တင်ထားတာကို ခွင့်ပြုလိုက်တဲ့သဘောပါ၊ ပါတီလိုဂို၊ အလံ၊ ဖွဲ့စည်းပုံရေးဆွဲပြီးတော့ ပါတီခေါင်းဆောင်နဲ့ ဒု ခေါင်းဆောင်တို့က ရက်ပေါင်း ၃၀ အတွင်း ပြန် ပြီးတော့ တင်ပြရမယ်ခင်ဗျ"
ရခိုင်ဒီမိုကရေစီအဖွဲချုပ် ALD ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများဆုံး အနိုင်ရခဲ့တဲ့ပါတီဖြစ်ပါတယ်။
တပ်မတော်အစိုးရလက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့အတူ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီကို ပြန်လည်မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ALD ကို ဖျက်သိမ်းကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ နှစ်ဖက်ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေရှိလာပြီး ALD ပါတီဝင် ဟောင်းတချို့ ပါတီကနေ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အရင်ပါတီဟောင်းဖြစ်တဲ့ ALD ပါတီကို ပြန်လည်ထူထောင်တာဖြစ်ပါတယ်။