အရက်ချက်စက်ရုံကထွက်တဲ့ အနံ့ဆိုးကြောင့် ကျန်းမာရေးပြဿနာကြုံတွေ့နေရတာတွေကို သွားရောက်စစ်ဆေး


2018.09.28
alcohol-factory-622.jpg ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စုက ကျားမင်းကြီး အရက်ချက်စက်ရုံကို တွေ့ရစဉ်
Photo: Khun Myo Sat

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စုက ကျားမင်းကြီး အရက်ချက်စက်ရုံကနေ အနံ့ဆိုးတွေ ထွက်နေတာတွေ၊ ရေဆိုးစွန့်ပစ်မှုတွေကြောင့် အနီးဝန်းကျင်ကျေးရွာတွေ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စက်ရုံကို ဒီနေ့ သွားစစ်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ပြောပါတယ်။

စက်ရုံအနောက်မှာ အပိုဝယ်ထားတဲ့ မြေဧက ၉၀ လောက်ကို ရေဆိုးတွေ စွန့်ပစ်နေတာကြောင့် အနံ့ဆိုးတွေအပြင် ရေညစ်ညမ်းမှုတွေပါ တွေ့ခဲ့ရတယ်လို့ ဦးစိုင်းလင်းမြတ်က ပြောပါတယ်။

"တကယ်ဖြစ်တဲ့နေရာကို ကွင်းဆင်းကြည့်တော့ သူတို့က စက်ရုံနေရာလေးပဲပြတယ်၊ တကယ်တမ်း ရွာသားတွေနဲ့ လိုက်ကြည့်တော့ တော်တော်ဆိုးတဲ့နေရာတွေလည်း တော်တော်ဆိုးတယ်ဗျ၊ စက်ရုံက ဧက ၂၀ ပဲရှိတယ်၊ အဲဒါကို သူက ဧက ၉၀ အပိုဝယ်ထားတယ်ပေါ့၊ အဲဒီမြေတွေပေါ်ကို သူတို့ရဲ့ စက်ရုံထွက်ပစ္စည်းတွေ စွန့်ပစ်တော့ ဧက ၉၀ လုံးက တင်လဲရေတွေနဲ့ ပြန့်ကြဲပြီး အနံ့တွေထွက်ပြီး အဲဒီနားမှာရှိတဲ့ ရွာတွေအကုန်ပြန့် တယ်ပေါ့၊ တကယ်တမ်းကျ ကျန်းမာရေးထိခိုက်တာပေါ့၊ လေထုညစ်ညမ်းတာပေါ့၊ အဲဒီအနံ့က မခံနိုင်ဘူး တော်တော်ချဉ်စုပ်စုပ်နဲ့ တော်တော်ဆိုးတယ်၊ အဲဒါမျိုးတွေ တွေ့ခဲ့တယ်"

အဲဒီအနံ့ဆိုးတွေနဲ့ ရေညစ်ညမ်းမှုတွေကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၄ ရွာက ဒေသခံတွေရဲ့ လက်မှတ် ၁၇၀၀ နီးပါးနဲ့ ပြည်နယ်လွှတ်တော်က ကော်မတီတချို့ကို ဒီစက်တင်ဘာလ အစပိုင်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ရှမ်းပြည်နယ်လွှတ်တော်က သယံဇာသ၊ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်ရေးရာ ကော်မတီ၊ တိုင်ကြား စာစိစစ်ရေး ကော်မတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ တောင်ကြီးမြို့နယ်က ကိုယ်စားလှယ်တွေက ဒေသခံတစ်ထောင်ကျော်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကွင်းဆင်းရာမှာ တွေ့ရှိချက်တွေနဲ့ ဒေသခံတွေရဲ့ အသံတွေကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဆီပြန်လည် တင်ပြမှာဖြစ်ပြီး အဲဒီကတဆင့် ပြည်နယ်အစိုးရကို တင်သွားမယ်လို့လည်း သိရပါတယ်။

အဲဒီစက်ရုံဟာ ၂၀၁၃ ခုနှစ်ထဲက စတင်လည်ပတ်နေတာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာမှ အချိန်ပြည့် လည်ပတ်တာဖြစ်တဲ့အတွက် အနံ့ဆိုးတွေနဲ့ ရေဆိုးတွေက ပိုများလာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။