အရက်ချက်စက်ရုံတွေကို ကြပ်မတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေ ကောက်ယူ


2018.01.22
dirty-water-622.jpg ရေဆိုးတွေ စွန်ထုတ်နေတဲ့ ပိုက်လိုင်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာရှိတဲ့ အရက်ချက်စက်ရုံတွေကနေ ရေဆိုးတွေ စွန့်ထုတ်နေတာကို ကြပ်မတ်ပေးဖို့ မြို့နယ်အတွင်း နေထိုင်တဲ့လူငယ်တွေက သဘောထား လက်မှတ်တွေ လိုက်လံကောက်ယူနေ ပါတယ်။

ရေဆိုးတွေစွန့်ပစ်တဲ့ အရက်ချက်စက်ရုံတွေကို အရေးယူကြပ်မတ်ပေးဖို့ လက်မှတ်တွေ ကောက်ယူနေတာဖြစ်တယ် လို့ လက်မှတ်ကောက်ယူရာမှာ ပါဝင်တဲ့ ကိုမြတ်မင်းသူ က ပြောပါတယ်။

"အရက်ချက်စက်ရုံကနေပြီးပေါ့ ရေဆိုးတွေပေါ့ သန့်စင်ခြင်းမပြုဘဲနဲ့ မြစ်ချောင်းတွေထဲကို စွန့်ပစ်တဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ ပြည်သူလူထုကနေပြီးတော့ လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းတွေလုပ်တာပေါ့။ စက်ရုံတည် တာတွေတော့ကြာပြီ။ အရင်တုန်းကတော့ ဒါတိုင်းဒေသကြီးအစိုးရကနေပြီးတော့ စက်ရုံတွေ ရပ်ဆိုင်းခိုင်းထား တယ်ပေါ့။ အခုချိန်ခါမှာ ခိုးပြီးလည်ပတ်နေတာပေါ့။ အဲဒီအတွက် ကျနော်တို့ကနေပြီးတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို အရေးယူပေးဖို့အတွက်ပေါ့နော်။ နောက်ပြီးတော့ ရေဆိုးစွန့်ပစ်မှုတွေအတွက်ပေါ့နော် တားဆီးပေးဖို့ ကျနော်တို့က လက်မှတ်ရေးထိုးပြီး တောင်းဆိုတာပေါ့နော်"

ရွှေပြည်သာမြို့နယ်မှာ အရက်ချက်စက်ရုံ ၃ ရုံရှိပြီး အဲဒီစက်ရုံတွေကနေ စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေဟာ ချောင်းတွေကနေတဆင့် ရပ်ကွက်တွေထဲကို စီးဝင်နေသလို အနံ့ဆိုးတွေ ခံစားနေရတာတွေ ၁၀ နှစ်လောက် ရှိနေပြီလို့ ပြောပါတယ်။

အဲဒါကြောင့် စက်ရုံတွေအနားမှာရှိတဲ့ ၁ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၆ ရပ်ကွက်နဲ့ ပတ္တမြားဈေးစတဲ့နေရာတွေမှာ နေထိုင်သူတွေရဲ့လက်မှတ်တွေကို မနေ့ကစပြီး လူငယ်တွေက ကောက်ယူနေတာဖြစ်ပါတယ်။

အရက်ချက်စက်ရုံတွေကို ကန့်ကွက်တဲ့အကြောင်း လက်မှတ်ပေါင်း ၅၀၀ လောက် ရရှိအောင် ကောက်ယူသွား မှာဖြစ်ပြီး ရရှိထားတဲ့လက်မှတ်တွေကို တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမှာဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ အရက်ချက်စက်ရုံ ၇၃ ရုံရှိပြီး စက်ရုံအများစုကတော့ ရေဆိုးတွေကို စနစ်တကျစွန့်ပစ်တာမရှိသလို စွန့်ပစ်တာတွေလည်း နည်းလမ်းမမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က ပြီးခဲ့တဲ့နှစ် မတ်လက ပြောခဲ့ပါတယ်။

ရေဆိုးထွက်တဲ့ စက်ရုံတွေကို စနစ်တကျ ရေဆိုးစွန့်ပစ်ဖို့ ကြပ်မတ်ပေးရေးအဆိုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။