မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.09.22
မြင်းခြံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပြားရွာတွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲသွားသည့်နေရာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
Facebook/ နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် နောက်ထပ် အမျိုးသမီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ရွာအနီးက မြေပဲခင်းမှာ လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၈ နာရီကျော်ရယ်၊ ၁၁ နာရီရယ် နှစ်ကြိမ်ပေါ့။ ဂျက်ဖိုက်တာနဲ့လည်း ဗုံးကြဲတယ်။ ပစ်လည်း ပစ်သွားတယ်။ ရွာနားမှာ မြေပဲခင်း ပေါက်တူးပေါက်နေတဲ့ အမျိုးသမီး ငါးယောက် ထိသွားတယ်။ ထိသွားတဲ့အထဲမှာ ကိုယ်ဝန်သည်တစ်ယောက် ပါတယ်။ နာမည်တွေတော့ မသိရသေးဘူး။ စောစောကမှ သေသွားတာ တစ်ယောက်နဲ့ဆို သေတာက နှစ်ယောက်"

ဒဏ်ရာရထားတဲ့ အမျိုးသမီး သုံးဦးစလုံးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ချေဆေးရွာကို လေကြောင်းကနေ နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ် ဗုံးကြဲမှုမှာ အရပ်သားတွေ ထိခိုက်သေဆုံးသလို နွားအကောင်သုံးဆယ်နီးပါးလည်း သေဆုံးခဲ့ပါတယ်။ ဒုတိယအကြိမ် ဗုံးကြဲမှုမှာတော့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒီနေ့တစ်ရက်တည်းမှာပဲ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

သြဂုတ်လ ၁၀ ရက်နေ့ကစလို့ "မြင်းခြံခရိုင်အထူးစစ်ဆင်ရေး" အဖြစ်ဖော်ဆောင်ပြီး မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ကလည်း လေကြောင်းကန ရပ်ရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။