လေတပ် စစ်ဦးစီးချုပ် အပြောင်းအလဲ ဖြစ်ပေါ်
2015.06.29

မြန်မာ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦးကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်လွင်ဦးနေရာမှာ လေကြောင်းအတတ်သင် လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်မောင်မောင်ကျော်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုတယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက်က ပြောင်းလဲ အစားထိုးလိုက်တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုလို လေတပ်မတော် စစ်ဦးစီးအရာရှိချုပ်နေရာကို အပြောင်းအလဲ လုပ်လိုက်တာဟာ ကိုးကန့်တပ်ဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာလေတပ်ရဲ့လေကြောင်းစစ်ဆင်ရေးက ကြဲချတဲ့ဗုံးတချို့ တရုတ်ပြည်ပိုင်နက်အတွင်း ကျရောက်ခဲ့ပြီးနောက် လူလေးယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ ဒေါသအမျက်ကို ဖြေလျှော့တဲ့အနေနဲ့ အရေးယူဆောင်ရွက်ခဲ့တာလို့ ယုံကြည်ရကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။