AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ငွေကြေး အကြပ်တွေ့နေ

မြန်မာနိုင်ငံက HIV/AIDS ရောဂါ ကုသရေးနဲ့တိုက်ဖျက်ရေး အစီအစဉ်တွေမှာ ဘဏ္ဍာရေး အခက်အခဲဖြစ်ပြီး အလှူရှင်အသစ်တွေ မရတော့ရင် အကြပ်အတည်း ဆိုက်လာနိုင်ဖွယ် ရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။

2013.02.15

လောလောဆယ်မှာ နိုင်ငံတကာရဲ့ပံ့ပိုးမှုနဲ့ ဝေဒနာသည် တသိန်းကျော်ထဲက ၃ ပုံ ၁ ပုံ ကိုပဲ ကုသပေးနိုင်တဲ့ အခြေအနေမှာရှိနေပြီး၊ အနာဂတ်မှာဆို နိုင်ငံတကာအကူအညီတောင် မသေချာဘူးလို့သိရပါတယ်။ MSF လို့ခေါ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ကူညီဖွင့်လှစ်ထားတဲ့ဆေးပေးခန်း တပြည်လုံးမှာ ၂၃ နေရာရှိနေပါတယ်။

MSF အဖွဲ့အနေနဲ့လဲ Global Fund အဖွဲ့ကပေးတဲ့ ထောက်ပံ့ငွေနဲ့လည်ပတ်ရတာဖြစ်ပြီး၊ Global Fund အဖွဲ့ကလဲ ၂၀၁၅ အထိပဲ နောက်ဆုံးထားပေးတော့မယ်လို့ ဆိုပါတယ်။ လူနာတွေ ၃ ပုံ ၁ ပုံလောက်ပဲ ကုနိုင်တာက ဘဏ္ဍာငွေမလုံလောက်မှုက အဓိကဖြစ်ပြီး၊ အစိုးရကျန်းမာရေး အသုံးစရိတ်ကနေ HIV/AIDS လူနာကုသရေးအတွက် ၄ ရာခိုင်နှုန်းပဲရတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ဆေးကုပေးဖို့လိုနေတဲ့ လူနာ ၁ သိန်း ၂ သောင်းခွဲလောက်ရှိပေမယ့်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှတ်တမ်းထိ အဲဒီလူနာတွေထဲက ၅ သောင်းလောက်ကိုပဲ ဆေးကုပေးနိုင်တယ်လို့ MSF အဖွဲ့က ဒေါက်တာခင်ငြိမ်းချမ်းက ပြောတဲ့အကြောင်း Chanel News Asia သတင်းမှာ ဖေါ်ပြထားပါတယ်။ AIDS ရောဂါနဲ့ နှစ်စဉ်သေဆုံးနေတဲ့လူနာက ၂ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။