နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
2012.07.15
ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အဝင်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြားကြမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း (၃၀ ) ကပ်ရောဂါအဖြစ် ပျံ့နှံ့ခဲ့တဲ့ ရောဂါဆိုးကြီးတစ်ခု ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားနိုင်ရေး လမ်းစတွေ အခုညီလာခံမှာ မြင်တွေ့လာရဖွယ်ရှိကြောင်း သုတေသီတွေ မျှော်လင့်နေကြပါတယ်။