မြေသိမ်းခံ လယ်သမားတွေ ပြန်လွှတ်ဖို့ AHRC တောင်းဆို


2014.04.07
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် မကျည်းပင်-ကြာအင်းရွာက   လယ်သမား ၁၂ ဦး ကို ဖမ်းဆီးထားတာ အမြန်ဆုံးပြန်လွှတ်ပေးဖို့  AHRC  အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က မေတ္တာရပ်ခံ လိုက်ပါတယ်။

လယ်သမားတွေဟာ ပုံမှန်အခွန်ဆောင်ပြီး ထွန်ယက်စိုက်ပျိုးနေကြတာဖြစ်ပေမဲ့ လယ်ယာမြေ အသိမ်းခံရတဲ့အပြင် ကျူးကျော်ဝင်ရောက်မှု၊ ကျွန်းပင်တွေဖျက်ဆီးမှုနဲ့ ဖမ်းဆီးခံနေရကြောင်း AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဝင်ရောက်ကျူးကျော်ပြီးတော့ အမျိုးသားသယံဇာတ ဖွံ့ဖြိုးရေးကော်မတီကနေ ကျွန်းပင်တွေစိုက်တယ်၊ အဲဒီလို စိုက်ထားတဲ့အခါမှာ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေထဲကို ကျူးကျော်နေတာဖြစ်တဲ့အတွက် တောင်သူလယ်မားတွေက ပေါင်းနုတ်ရှင်းလင်းတဲ့အခါမှာ ကျွန်းပင်တွေပါသွားတယ်၊ ဒါတွေကိုလည်း သစ်တောဥပဒတွေနဲ့ အရေးယူထားတာကိုတွေ့ရတယ်၊ ဒီဖြစ်ရပ် တစ်ခုတည်းအပေါ်မှာ မူတည်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့လည်း တရားစွဲတယ်၊ သစ်တောဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့လည်း တရားစွဲတယ်၊ လူတစ်ယောက်ကို နှစ်ခါဒုက္ခပေးသလို ဖြစ်နေတယ်ဆိုတာ တွေ့ ရတယ်၊ ဒါကြောင့်လည်း အခုဖမ်းထားတဲ့ တောင်သူလယ်သမား ၁၂ ဦးကို လွှတ်ပေးဖို့ အရေးပေါ်မေတ္တာရပ် ခံစာ ထုတ်ပြန်ကြေညာရခြင်းဖြစ်ပါတယ်"

လယ်သမားအနေနဲ့ ပုံမှန်အခွန်ဆောင်ပြီး ထွန်ယက်စိုက်ပျိုးနေတဲ့မြေကို ကာကွယ်ပိုင်ခွင့်မရှိဘဲဖြစ်နေပြီး၊  အဲဒီလယ်ယာမြေတွေမှာ ကျွန်းပင်တွေ စိုက်ပျိုးခွင့်ရရှိသွားတဲ့ ကုမ္ပဏီကလည်း လယ်သမားတွေကို နစ်နာကြေး၊ လျော်ကြေးတွေလည်း မပေးခဲ့ဘူး လို့ AHRC ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအမှုအကြောင်း  အသေးစိတ်ကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။