စိမ်းလဲ့တင် အပန်းဖြေစခန်းတွေကို လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးခြင်းမရှိသေး


2018.03.26
seinlaetin-resort-622.jpg စိမ်းလဲ့တင် Adventure Land ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့စဉ်
Photo: Than Zaw - facebook

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဖွင့်လှစ်ပေးထားတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က စိမ်းလဲ့တင် Adventure Land နဲ့ အပန်းဖြေစခန်းတွေကို လုပ်ကိုင်ခွင့် လိုင်စင်ချပေးထားခြင်း မရှိသေးဘူးလို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဒီနေ့ ပြောပါတယ်။

စိမ်းလဲ့တင် Adventure land နဲ့ အပန်းဖြေစခန်းတွေကို ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးဆဲဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောပါတယ်။

"စိမ်းလဲ့တင်ကို ကျနော်တို့ မချရသေးဘူး၊ ခုနက အစီရင်ခံစာတက်လာလို့ရှိရင် သတ်မှတ်ကြေးရှိရမယ်လေ၊ ဥယျာဉ်အတွက် ဘယ်ဒေသဆို ဘယ်လောက်ကောက်သင့်တယ်၊ တိရစ္ဆာန်ဦးရေအရေအတွက် ဘယ်လောက်ကောက်သင့်တယ်၊ လုပ်ငန်းအပေါ်မှ တစ်နှစ်ကို ဘယ်လောက်ကောက်သင့်တယ်ဆိုတာ ကော်မတီက ဆုံးဖြတ်ချက်ချပြီးရင် ပြည်နယ်အစိုးရဆီတင်လိုက်တယ်"

လက်ရှိမှာ စိမ်းလဲ့တင်က ဖွင့်လှစ်ထားတဲ့ တိရစ္ဆာန်ဥယျာဉ်ငယ်ကို သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ၂၀၀၈ ခုနှစ်က ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီလကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

စိမ်းလဲ့တင်အပန်းဖြေစခန်း ၅ ဧက၊ စိမ်းလဲ့တင် တိရစ္ဆာန်ဥယျာဉ် ၇ ဧကနဲ့ စိမ်းလဲ့တင် Adventure Land အတွက် ၁၀ ဧကကို  မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က လိုင်စင်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အခကြေးငွေယူပြီး ဖွင့်လှစ်ထားတဲ့ ရေကူးကန်အပါအဝင် အပန်းဖြေစခန်းတွေဟာ အပန်းဖြေစခန်းတွေ တိရစ္ဆာန် ဥယျာဉ်နဲ့ ရုက္ခဗေဒဥယျာဉ် ဥပဒေပုဒ်မ ၄၄ နဲ့အညီ လုပ်ငန်းလိုင်စင်တွေ လျှောက်ထားရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။