စစ်တွေမှာ ဧည့်စာရင်းတိုင်ကြားရန် ကြေညာနေ
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ဧည့်စာရင်းတိုင်ကြားဖို့ကို ဒီနေ့ နေ့လယ်မှာလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အသံချဲ့စက်နဲ့ လိုက်လံကြေညာနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေ၊ ကျေးရွာတွေအလိုက် ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်းတွေကို ရဲ၊ လဝက၊ စစ်တပ်၊ ဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးသွားဖို့စတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုစာ မျက်နှာမှာ ဖော်ပြခဲ့တာပါ။
ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရုံးခန်းမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင်၊ ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ ပုံမှန်အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဘယ်နေ့ဘယ်ရက်မှာ ဧည့်စာရင်း စစ်ဆေးသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ ပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ရဲတွေတွေက လမ်းသွားလာတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတာလည်း ရှိနေပါတယ်။