စစ်အာဏာသိမ်းအပြီး မြန်မာ့စီးပွားရေး ကျဆင်းမှု မြန်ဆန်

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မြန်မြန်ဆန်ဆန် ကျဆင်း လာနေကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။
လက်ရှိအခြေအနေမှာ နိုင်ငံ့အသားတင်ထုတ်လုပ်မှု GDP ဟာ ဒီနှစ် ၂၀၂၁ ခုနှစ်က စပြီး၊ နှစ်စဉ် ၁၈.၄ ရာနှုန်း ကျဆင်းလာ နေဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုး ကလည်း ကျဆင်းနေပြီး၊ ဗဟိုဘဏ်ကလည်း ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ အနည်းဆုံး ၄၅ သန်း ထုတ်ရောင်းခဲ့ပေမယ့် ဈေးကွက်မှာ ဒေါ်လာလဲနှုန်းက ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိအကြပ်အတည်းကို (၆)လ အမျိုးသားစီမံကိန်းနဲ့ ကျော်လွှားနိုင်မှာဖြစ်ကြောင်း ဒီသီတင်းပတ်အတွင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး ကို အခြေခံပြီး၊ စက်မှုလုပ်ငန်းတွေကို အဆင့်မြှင့်တင်နိုင်ရင်၊ နိုင်ငံ့ စီးပွားရေးဟာ မုချပြန်လည်မြင့်တက်လာမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေကတော့ ဆန့်ကျင်ဘက် မြင်နေကြပြီး ပြည်သူတွေကလည်း စစ်တပ်ဦးဆောင်မှုနဲ့ ဗဟိုဘဏ်အပေါ် အယုံအကြည်မရှိဖြစ်နေကြကြောင်း DPA သတင်းက ဖော်ပြပါတယ်။
စီးပွားရေးဆိုင်ရာအကြံပေးတစ်ဦးကလည်း - ပြည်သူတွေအနေနဲ့ နေ့စဉ် လိုအပ်တဲ့ အခြေခံစားကုန်နဲ့ လူသုံးကုန်တွေကိုသာ ဝယ်ယူနေကြပြီး ဒီအတိုင်း ဆက်သွားရင် ခြောက်လခံဖို့ မလွယ်ကူဘူးလို့ ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။