ဦးဝင်းချိုနဲ့ လယ်သမား ၅ ဦးကို ထောင်ဒဏ် ၆ လစီ ချမှတ်


2013.11.29
pegu-farmers-protest-305.JPG သိမ်းယူထားတဲ့ လယ်မြေတွေအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ပဲခူးမြို့မှာ လယ်သမားတွေ ဆန္ဒပြနေစဉ်
photo: RFA/ Kyaw Zaw Win

ပဲခူးမြို့နယ် တရားရုံးက လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုနဲ့ လယ်သမား ၅ ယောက်ကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ- ၁၈ နဲ့ ငွေဒဏ် ၁ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၁၈ အတွက် ငွေဒဏ်တစ်သောင်းကို ပေးဆောင် လိုက်ကြပြီး ထောင်ဒဏ် ၆ လမှာ ၃ လက အကျဉ်းထောင်ထဲမှာ ၃ လ နေထိုင်ပြီး ဖြစ်တာကြောင့် ၃ လသာ ပြစ်ဒဏ်ကျခံရတော့မှာ ဖြစ်တယ်လို့ ဦးဝင်းချို အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“၅ဝ၅(ခ)နဲ့ကတော့ ၆ လပေါ့နော်၊ ပုဒ်မ ၁၈ နှစ်ခုအတွက်ကတော့ ဒဏ်ငွေ ၁ သောင်းပေါ့နော်၊ ၆ လဆို သူတို့ချုပ်ရက်က ၃ လရှိတော့ ၃ လပဲကျန်တယ်၊ ရန်ကုန်ရုံးတွေထက်စာရင် အများကြီးသက်ညှာတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကျနော်တို့က တရားရုံးရဲ့အမိန့်ကို အယူခံဖို့လုံးဝမရှိပါဘူး”

ဦးဝင်းချို နဲ့ လယ်သမား ၅ ယောက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပဲခူးမြို့အနီးက စက်မှုဇုန်စီမံကိန်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာစီမံကိန်း စတာတွေကို ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်လောက်က ပဲခူးမြို့အနီးက လယ်သမား ၅၀၀ ကျော် ပိုင်ဆိုင်တဲ့ ဧကသောင်းနဲ့ ချီတဲ့ လယ်မြေတွေကို လျော်ကြေးမပေးဘဲ အစိုးရဌာနတော်တော်များများက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။