နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီကနေ့တောင်းဆိုလိုက်ပါတယ်။

2010.11.23
prisoners_AAPP_bo_kyi_305_z.jpg AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို တွေ့ရစဉ်
(Photo: AFP)

တချိန်ထဲမှာလည်း သူတို့ လွတ်မြောက်ရေးကို သတိမေ့ မထားဖို့ နိုင်ငံတကာ အသိုင်းဝိုင်းကို ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရုံ နဲ့မလုံလောက်သေးကြောင်း ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကိုလည်း လွှတ်ပေးဖို့ လိုကြောင်း အေအေပီပီရဲ့ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာ ပြည်သူတွေနဲ့တကွ နိုင်ငံတကာ အစိုးရတွေကပါ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်း ကျိုးပမ်းပေးဖို့ကို အေအေပီပီက တိုက်တွန်းပါကြောင်း အေအေပီပီရဲ့ တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်လည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျိုးပမ်းသွားမယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

လောလောဆယ် အကျဉ်းထောင်တွေထဲမှာ အနှစ် ၂၀ ကျော်ကြာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်ရှိနေပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် ထောင်ဒါဏ် အနှစ် ၆၀ ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးကြောင်း၊ ဒါ့အပြင် လက်ရှိ နိုင်ငံအရေး အကျဉ်းသားတွေရဲ့ထောင်တွင်း အခြေအနေတွေ တိုးတက်လာခြင်း မရှိသေးဘဲ ဆေးဝါးကုသခွင့်မရတာတွေ၊ ကျန်းမာရေး မကောင်းစဉ် ထောင်ပြောင်းခံရတာတွေ ရှိနေသေးကြောင်း အေအေပီပီရဲ့ဒီကနေ့ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။