အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း နိုင်ကျဉ်း ၁၀၈ ဦး သေဆုံး
2024.11.22

စစ်တပ်အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွေထဲ သေဆုံးသူ အမျိုးသားအယောက် ၁၀၀ နဲ့ အမျိုးသမီး ရှစ်ဦးရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ စာရင်းကို နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီလို့ AAPP ကဆိုပါတယ်။ နောက်ဆုံးအနေနဲ့ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ပြည်သူ့ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဦးစိန်လင်း (ခ) အငယ်လေးဟာ နိုဝင်ဘာလ ၂၀ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သလို နိုဝင်ဘာ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်လည်း ဆေးကုသနေရင်း ကွယ်လွန်ခဲ့ပါတယ်။
အကျဉ်းထောင်တွေထဲ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတဲ့အခြေအနေတွေကြောင့် အကျဉ်းကျနေသူတွေထဲက အသက် ၇၉ နှစ်ပြည့်ပြီးဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်းမာရေးမကောင်းသူတွေ၊ အသက်အရွယ်ကြီးသူတွေအတွက် စိုးရိမ်နေကြပါတယ်။
AAPP စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ နှစ်သောင်းရှစ်ထောင်နီးပါးရှိပြီး ထိန်းသိမ်းခံထားရဆဲ နှစ်သောင်းတစ်ထောင်ကျော်ရှိပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း သေဆုံးသူ ခြောက်ထောင်နီးပါး ရှိနေပါပြီ။