ရန်ကုန် - စစ်တွေ ကားလမ်းပိုင်းမှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ် ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်မှာ စက်တင်ဘာလ ၂၉ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
အဲဒီနှစ်မြို့နယ်အစပ်က စနင်းတောင်ပေါ်မှာ စခန်းချနေတဲ့ စစ်တပ်စီတပ်သားတွေ ရိက္ခာ ဆင်းယူစဉ်မှာ AA က ကြားဖြတ်တိုက်ခိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ၁၁ နာရီ ၄၀ လောက်ကစဖြစ်တာ။ အခုအထိ ပစ်သံကြားနေတုန်းပဲ။ ကားလမ်းမပေါ်မှာ ဖြစ်နေကြတာ။ စနင်းတောင်မှာ စစ်သားစခန်းရှိတယ်။ သူတို့ ရိက္ခာဆင်းယူတာကို AA က ကြားဖြတ်တိုက်တာလို့ သိရတယ်”
အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ ပြီးခဲ့တဲ့ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေကလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေလို့ သူက ဆိုပါတယ်။
အဲဒီအချိန်ကတည်းက စစ်ကောင်စီတပ်ဟာ စနင်းတောင်ပေါ်မှာ စခန်းချနေရာယူထား တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရက္ခိုင့်တပ်တော် (AA) က ရိက္ခာလမ်းကြောင်း ကို ပိတ်ထားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော AA ဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲစတင်တဲ့ ဇူလိုင်လကစလို့ တစ်ဖက်နဲ့ တစ်ဖက် ရိက္ခာလမ်းကြောင်းတွေကို အပြန်အလှန်ဖြတ်တောက်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ရေစိုးချောင်းဗျူဟာရဲ့ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားပြီး ရိက္ခာဆင်းယူတဲ့ ရေစိုးချောင်းဗျူဟာ က စစ်ကောင်စီတပ်သားတွေကိုလည်း ဩဂုတ်လ ၃၁ ရက်နေ့က မညင်းတောင်ရွာအနီးမှာ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။