AA နဲ့ ALP တိုက်ပွဲဖြစ်ပွား
2016.06.24

ရက္ခိုင့်တပ်မတော် AA အဖွဲ့က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ALP ကို တိုက်ခိုက်တဲ့အတွက် သူတို့တပ်ဖွဲ့ဝင်တစ်ယောက်ပျောက်နေပြီး၊ တယောက်ကိုဖမ်းဆီးသွား တယ်လို့ ALP ဘက်က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီဖြစ်ရပ်က ပလက်ဝမြို့နယ်ထဲမှာ ဇွန်လ ၂၁ ရက်နေ့ကဖြစ်ခဲ့တာပါ။
AA အဖွဲ့ကတော့၊ သူတို့တပ်အတွက် စစ်သုံးဖိနပ်အရံ ၆ဝ နဲ့ အခြားပစ္စည်းတွေ သယ်လာပေးတဲ့သူ တွေကို ALP အဖွဲ့က လမ်းမှာတားဆီးလုယူသွားတဲ့အတွက် လုယူသွားသူတွေကိုလိုက်လံရှာဖွေ ဖမ်းဆီးခဲ့တာလို့ AA အဖွဲ့က ဒုဗိုလ်မှူးကြီးကျော်ဟန်ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဧရာဝတီ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ALP အဖွဲ့က သူတို့အနေနဲ့ အဲ့ဒီပစ္စည်းတွေယူထားတာမရှိသလို၊ သူတို့အဖွဲ့ဝင်တွေက ဌါနချုပ်ကိုအလာ လမ်းမှာ AA အဖွဲ့က တိုက်ခိုက်တာသာဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ပြောဆိုပါတယ်။