အရပ်သား ၃ ဦး သေဆုံးမှု မိမိတို့ ပစ်ခတ်တာ မဟုတ်လို့ RCSS ပြော
2018.11.25

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားလော့ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦး သေဆုံးတာဟာ RCSS က ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း RCSS အဖွဲ့ပိုင် Tai Freedom Facebook စာမျက်နှာကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေ့က RCSS တပ်တွေ သီပေါမြို့နယ်အတွင်းမှာ သွားလာလှုပ်ရှားနေချိန် နားလော့ကျေးရွာအနီး ရောက်ချိန်မှာ SSPP တပ်တွေက စတင်ပစ်ခတ်တာကြောင့် RCSS တပ်ဖွဲ့ဝင်တွေက ၃၊ ၄ ချက်ခန့်သာ ပြန်လည် ပစ်ခတ်ခဲ့ပြီး ဆုတ်ခွာခဲ့တာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
နားလော့ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦး သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တာကြောင့် သီပေါမြို့နယ်နဲ့ လားရှိုးဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
SSPP အဖွဲ့ကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေ့က သူတို့အဖွဲ့တွေဟာ ရွာအပြင်ဘက် တောထဲမှာသာရှိနေကြောင်းနဲ့ ရွာသားတွေ သေဆုံးဒဏ်ရာရရှိခဲ့တာဟာ RCSS အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်ပြီး RCSS တပ်ဖွဲ့တွေကို လိုက်လံရှင်းလင်း တိုက်ခိုက်သွားမှာဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလိုထုတ်ပြန်အပြီး RCSS အဖွဲ့က အခုလို ပြန်လည်သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။