ကချင်အမျိုးသမီး ဒေါ်လဖိုင် ဆိုင်းရော် ရေမွန်မက်ဆေးဆေးဆု ချီးမြှင့်ခံရ
2013.07.24
ကချင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကချင်အမျိုးသမီး Laphai Seng Raw ကို ဖိလစ်ပိုင်နိုင်ငံက ခေါင်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Magsaysay ဆုကို ချီးမြင့်လိုက်ကြောင်း ဖိလစ်ပိုင်အခြေခံစိုက် မက်ဆေးဆေးဖောင်ဒေးရှင်းက ဒီကနေ့ ကြေညာလိုက်ပါတယ်။
အခုလိုဆုချီးမြှင့်ခံရတာဟာ မြန်မာပြည်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေအားလုံးအတွက် အောင်မြင်မှုတစ်ခုအဖြစ် ခံယူပါတယ်လို့ ဒေါ်လဖိုင်ဆန်ရော်က ပြောပါတယ်။
ဒေါ်လဖိုင်ဆိုင်းရော်ဟာ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွင်းက လူထုကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက စစ်မက်ဖြစ်ပွားနေတဲ့ဒေသတွေမှာ လူသားချင်းစာနာမှု အကူညီပေးနေတဲ့ မေတ္တာဖောင်ဒေးရှင်းရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနှစ် မက်ဆေးဆေးဆုရှင်တွေအဖြစ် အာဖဂနစ္စတန်အစိုးရအဖွဲ့က ပထမဆုံးအမျိုးသမီးဖြစ်သူ Habiba Sarabi၊ ဖိလစ်ပိုင်ဆရာဝန် Ernesto Domengo၊ နီပေါနဲ့ အင်ဒိုနီးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကို ချီးမြင့်လိုက်တာဖြစ်ပါတယ်။
အာဖန်နစ္စတန်နိုင်ငံက ဒေသဆိုင်ရာအစိုးရအဖွဲ့ရဲ့ ထူထောင်ရေးလုပ်ငန်းတွေကို ဦးဆောင်နေသူ ဟာဘီဘီဆရာဘီကတော့ ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှု အဆိုးဆုံးအနေအထားကနေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေသလို ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားသူတစ်ဦးလို့ သိရပါတယ်။
ဒီဆုမှာ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၅ သောင်းပါဝင်ပြီး ဇူလိုင် ၃၁ ရက်နေ့မှာ မနီလာမှာ အခမ်းအနားနဲ့ ချီးမြင့်မယ်လို့ သိရပါတယ်။
အာရှတိုက်ရဲ့ နိုဘယ်ဆုလို့ တင်စားခေါ်ေဝါ်ကြတဲ့ ရေမွန် မက်ဆေးဆေးဆုပေးအပ်ဖို့ ရွေးချယ်ခံရတာနဲ့ ပတ်သက်လို့ ဒေါ်လဖိုင်ဆိုင်းရော်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။