၈၈ မျိုးဆက် မနုနုအောင်နဲ့ မခက်ခက်အောင် သားအမိ အဖမ်းခံရပြီး ပျောက်နေ

2022.05.02
၈၈ မျိုးဆက် မနုနုအောင်နဲ့ မခက်ခက်အောင် သားအမိ အဖမ်းခံရပြီး ပျောက်နေ ၈၈ မျိုးဆက်ကျောင်းသူ မနုနုအောင်ကို‌ တွေ့ရစဥ်
Photo: RFA
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် မနုနုအောင်၊ ဖမ်းဆီးခံထားရတဲ့ ကိုဇော်ဝမ်းမောင်ရဲ့ ဇနီး မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူတို့ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အချိန် တစ်ပတ်ကြာလာတဲ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။
 
အခုလို အဆက်အသွယ်ပြတ်တောက်နေတာကြောင့် သူတို့ရဲ့အခြေအနေကို စိုးရိမ်မိတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
 
"အဆက်အသွယ်မရတာ ဟုတ်ပါတယ်၊ ဖမ်းသွားပြီးကတည်းက ဘာသတင်းအစအနမှ မရဘူး၊ အနည်းဆုံးတော့ ဘယ်စခန်းမှာ ချုပ်ထားတယ်ဆိုတာလည်း မသိရဘူး၊ ဘားအံ အကျဉ်းထောင်ကိုလည်း စုံစမ်းတာ ရောက်မလာဘူးဆိုတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်မိတယ်"
 
မနုနုအောင်တို့ကို အချုပ်ခန်း၊ ထောင် စတဲ့နေရာတွေကို မပို့သေးဘဲ စစ်ကြောရေးမှာ စစ်ဆေး မေးမြန်းနေတာလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ မနုနုအောင်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲအစည်းရဲ့ တောင်သူ လယ်သမားရေးရာဌာနကဖြစ်ပြီး မခက်ခက်အောင်ကတော့ အမျိုးသမီးနဲ့ ကလေး သူငယ်ရေးရာဌာနက ဖြစ်ပါတယ်။
 
သူတို့ဟာ ကျန်းမာရေးအခြေအနေအရ ကရင်ပြည်နယ် ဘားအံမြို့ကို ဆေးကုဖို့အသွား ဧပြီလ ၂၆ ရက်နေ့က အဖမ်းခံခဲ့ရတာပါ။
 
အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၃၀ ရက်နေ့အထိ လူပေါင်း ၁၀,၄၄၉ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူပေါင်း ၁၀၂၉ ဦး ထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။