ထိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၈၈မျိုးဆက်တွေ သွားရောက်လေ့လာ


2013.03.17
88-thai-305 ထိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သွားရောက်လေ့လာမယ့် ၈၈မျိုးဆက်ကျောင်းသားတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရပုံ
Photo: RFA

ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံ ကို လေကြောင်းခရီးစဉ်နဲ့ ဒီကနေ့ မနက်ပိုင်းက ထွက်ခွာသွားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင် ဖို့အတွက် အခုလို လေ့လာရေးခရီးသွားရောက်တာ ဖြစ် တယ်လို့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇော်မင်းက RFA ကို ပြောပါတယ်။

"သူတို့ရဲ့ အဓိကခရီးစဉ်က ထိုင်းတောင်ပိုင်းရဲ့ အခြေအနေပေါ့၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ ထိုင်းတောင်ပိုင်းရဲ့ အခြေအနေတွေက မြန်မာနိုင်ငံအတွက် ဘာတွေများ လက်တွေ့ကျတဲ့ သင်ခန်းစာတွေရနိုင်မလဲ၊ အသိအမြင်တွေရနိုင်မလဲဆိုတာ အဓိကရည်ရွယ်ချက်ပါ"

ဒီခရီးစဉ်ဟာ ရက်သတ္တပတ်တစ်ပတ် ကြာမြင့်မှာဖြစ်ပြီး သွားရောက်လေ့လာတဲ့အဖွဲ့မှာ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်နဲ့ ကိုကျော်ဇောတို့ ပါဝင်ပါတယ်။

ဒီအဖွဲ့ဟာ မဟာချိုင်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေကိုလည်း သွားရောက်လေ့လာကြမှာဖြစ်ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံေဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အလားတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဗသက်အောင်၊ ကိုဇော်ဇော်မင်း၊ ကိုလှိုင်ဝင်းဆွေ၊ မယဉ်ယဉ်ဝိုင်းနဲ့ မမီးမီးတို့က မဲဆောက်မြို့မှာကျင်းပမယ့် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံကို ထွက်ခွာသွားကြပါတယ်။

တစ်ချိန်ထဲမှာလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဌေးကြွယ်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာ့အရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်အတွက် ၈၈မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။