7 Day သတင်းစာကိစ္စ ညှိနှိုင်းနေဆဲ


2016.06.28
7day-newspaper-620.jpg ဇွန်လ ၂၈ ရက်ထုတ် 7 Day နေ့စဉ်သတင်းစာကို တွေ့ရစဉ်
Photo: 7Day News Journal

7 Day နေ့စဉ်သတင်းစာကို တပ်မတော်က တရားစွဲဆိုထားရာကနေ ကျေအေးပေးခြင်းမရှိသေးဘဲ နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုဟာ ပြေလည်တဲ့အဆင့်ထိ မရောက်သေးပေမယ့် ပြေလည်နိုင်မယ့် အလားအလာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသောကြာ က ပြောပါတယ်။

"ပြေလည်တယ်ဆိုတဲ့ စကားကတော့ မဟုတ်သေးဘူးဗျ၊ ကျနော်တို့က  ကာယကံရှင်နဲ့  တစ်ဘက်က တရားစွဲဆိုတဲ့ဘက်ကို မျက်နှာချင်းဆိုင်ပြီး  အရင်ဆွေးနွေးကြပါ၊ ဆွေးနွေးပြီးမှ ဆုံးဖြတ်ပါပေါ့နော်၊  အလားအလာတော့ကောင်းပါတယ်၊ ကျနော်တို့နှစ်ဖက်လုံးကိုတော့  သေချာပြောပြထားတာပေါ့ဗျာ၊ ပြေ လည်အောင်ဖြေရှင်းပေးဖို့ပေါ့"

7 Day နေ့စဉ်သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က ဖော်ပြခဲ့တဲ့ " စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်း တိုက်တွန်း "ခေါင်းစဉ်ပါ သတင်းကို ဘယ်လိုရည်ရွယ် ချက်မှ မပါဘဲ ရိုးရိုသားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ 7 Day နေ့စဉ်သတင်းစာက ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

7 Day နေ့စဉ်သတင်းစာဘက်ကတော့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိမှု မထားရန်နဲ့ တာဝန် ဝတ္တရားတွေကို မဆောင်ရွက်နိုင်ရန် သွေးထိုးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ နားလည်မှု လွဲမှားခဲ့တာ သာဖြစ်ကြောင်း သတင်းရေးသားရာမှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ရိုးရိုး သားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီသတင်းကြောင့် တပ်မတော်က 7 Day နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ သတင်းထောက် ကိုမင်းဟိန်းကျော်ကို ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

7 Day သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း နဲ့ တပ်မတော်ဘက်က မနေ့ညက ညှိနှိုင်းမှုဟာ ပြေလည်တဲ့ အဆင့်ကို မရောက်သေးဘဲ တပ်မတော်က အမှုဖွင့်ထားတဲ့ ကမာရွတ်ရဲစခန်းကလည်း အမှုကိုရုပ်သိမ်းကြောင်း အကြောင်းကြားတာမရှိသေးကြောင်း 7 Day သတင်းစာတာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။