လူ့အဖွဲ့အစည်းနှစ်ခု သင့်မြတ်အောင် ကြိုးပမ်းရေး ကုလသမဂ္ဂ တိုက်တွန်းပြောဆို
2012.12.06

ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ပါဝင်တဲ့ အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး မကြာသေးခင်က ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ မောင်တော၊ ပေါက်တော၊ မြေပုံမြို့တွေက ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ စစ်တွေဟိုတယ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို ပြောခဲ့ပါတယ်။
“ ဒီလူ့အဖွဲ့အစည်း ၂ ခု ဘယ်လိုမျိုးသင့်မြတ်အောင်နေကြမလဲဆိုတာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ အစိုးရအနေနဲ့ ဒီလူ့အဖွဲ့အစည်း ၂ ခု သင့်မြတ်အောင် လုပ်ဆောင်မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အသင့်ရှိပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံမှာ လုံးဝမရှိးဘူးလို့ တရားဝင်ကြေငြာထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂအနေနဲ့ သုံးနှုန်းခေါ်ဝေါ်နေရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ Ms. Valerie Amos က သူတို့အနေနဲ့ မည်သည့်အကြောင်းတရားမျှမပါဘဲ သူတို့ကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးဆိုပြီး ပြောဆိုသုံးနှုန်းနေတဲ့အတွက် ဒီစကားလုံးကို ပြောဆိုသုံးနှုန်းရတာ ဖြစ်တယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။
ကုလအရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Ms. Valerie Amos ဟာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်ပြီး သီးသန့် တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက် နေ့မှာတော့ ကချင်ပြည်နယ်ကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။