လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်

လက်ပန်းတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီနှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ ချက်ပါဝင်တဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

2012.12.21
copper-mine-activist-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်က ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်များနှင့် လယ်သိမ်းခံ တောင်သူလယ်သမားများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

အဲဒီထုတ်ပြန်ခဲ့တဲ့အချက် ၆ ချက်နဲ့ ပတ်သတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်က တာဝန်ခံ ကိုသောင်းထိုက်က RFA ကို အခုလိုပြောပါတယ်။

"လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ (၁)လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရန် (၂)၂၉ရက်နေ့က အကြမ်းဖက်ခဲ့တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးရန် (၃)လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့အရပ်ဖက်လူ့အဖွဲ့အစည်းများကို အာမခံနဲ့မဟုတ်ပဲ ချွင်းချက်မရှိ လွှတ်ပေးရန်၊ (၄)ပြည်သူလူထုကရွေးချယ်တဲ့ ပြည်သူ့အစိုးရအဖွဲ့ ပြည်သူ့ဘက်က ကာကွယ်ရပ်တည်ရန်၊ (၅)မြန်မာနိုင်ငံတွင် အစိုးရဌာနများ၊ ကုမ္ပဏီများက မတရားသိမ်းယူထားတဲ့ လယ်ယာမြေများကို သက်ဆိုင်ရာ တောင်သူများထံ ပြန်လည်ပေးအပ်ရန်၊ (၆)နိုင်ငံတော်ရဲတပ်ဖွဲ့သည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထုတစ်ရပ်လုံးဘက်က ရပ်တည်ပြီး တစ်သီးပုဂ္ဂလကုမ္ပဏီများကို အကာအကွယ်မပေးရန်"

ဒီအတောအတွင်း စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလည်ပတ်ဖို့အတွက် ကုမ္ပဏီဖက်က လုပ်ငန်းဆောင်ရွက်နေတာကို ရပ်တံ့ဖို့အတွက် ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာနဲ့ ပတ်သက်လို့လဲ ကိုသောင်းထိုက်က အခုလို ဆက်ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တာကို ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကာလမှာ လုပ်ငန်းတွေမရပ်ဆိုင်းဘဲ ဆက်လုပ်နေတဲ့အတွက် ကျနော်တို့က ဒီလိုသပိတ်မှောက်နေရခြင်းဖြစ်ပါတယ်၊ ဦးတည်ချက်ကတော့ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့ပါပဲ၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကော်မတီ ဝင်တဲ့ကာလမှာ မြန်မာဝမ်ပေါင်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဖက်က လုပ်ငန်းတွေကို ရပ်ထားသင့်တယ်လို့ထင်ပါတယ်"

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူတွေအနေနဲ့ အခုလ ၁၂ ရက်နေ့ကစပြီး လက်ပန်းတောင်းတောင်ခြေ အနီးအနားက ညောင်ပင်ကြီး-ဆားလင်းကြီးသွား ကားလမ်းမဘေး တုံရွာမှာ အခြေစိုက်ပြီး သပိတ်စခန်းဖွင့်နေတာဟာ ဒီကနေ့ဆိုရင် ဆယ်ရက်ရှိပြီလို့ သိရပါတယ်။ သံဃာ ၇ပါးနဲ့ ၊ ဒေသခံအင်အား ၁၅ဝနီးပါးဟာ နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး အလှည့်ကျ သပိတ်စခန်းဝင်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။