၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံ လမ်းလျှောက်ပွဲ
2016.07.31

မန္တလေးမြို့မှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲနဲ့ ကာတွန်းပြပွဲကို ကြိုဆိုကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
မန္တလေးမြို့က မင်္ဂလာမန္တလေးအိမ်ယာမှာ ကျင်းပတဲ့ " မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" ကာတွန်းပြပွဲ ကို တက်ရောက်လာစဉ် မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ ဒီငြိမ်းချမ်းရေးဟာလည်း ဒီဒုတိယညီလာခံကြီးက တစ်ယောက်နဲ့တစ်ယောက် စိတ်ရှည်ရမယ်၊ သီးခံရမယ်၊ သူ့ဘက်က ဘာတွေလိုချင်တာလဲ၊ ကိုယ့်ဘက်က ဘာတွေဖြည့်ဆည်းရမလဲ၊ သူ့ဘက်က ဘာတွေကြောင့်ကြနေသလဲ၊ ကျနော်တို့ဘက်က ဘာတွေကြောင့်ကြနေလဲ၊ ဒါတွေအာလုံးကို ညှိနှိုင်း အဖြေရှာပြီးတော့ ရမယ်ဆိုရင်တော့ ကျနော်ထင်ပါတယ် ရပါလိမ့်မယ် ဒါပေမဲ့ ချက်ချင်းလက်ငင်းကြီး မရနိုင်ဘူးနော်၊ တဖြေးဖြေးချင်း တည်ဆောက်သွားရမယ်နော်၊ အခု မန္တလေးမှာ ဒီလိုဖြစ်နေတာတော့ ကျနော့် တစ်ဦးတည်းသဘောထားကတော့ ကျနော်ကျေနပ်ပါတယ်၊ ဒီထက်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှိဦးမှာ၊ ပင်လုံနဲ့ပတ်သက်လို့ ကျနော့်ဆီ ပွဲလာတောင်းနေတဲ့အဖွဲ့တွေရှိတယ်၊ ကျနော်အားလုံးကို ခွင့်ပြုမယ်ဆုံးဖြတ်ထားတယ်"
လာမယ့်သြဂုတ်လကုန်လောက်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံ ကြိုဆိုတဲ့အနေနဲ့ မန္တလေးမြို့က နိုင်ငံရေးအင်အားစုတွေ လူမှုရေးအသင်းအဖွဲ့တွေ တောင်သူ လယ်သမား အလုပ်သမားတွေစုပေါင်းပြီး မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် ပင်လုံညီလာခံကို ထောက်ခံတာဖြစ်တယ်လို့ ပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့် က ပြောပါတယ်။
"ဒီပြည်တွင်းစစ်မီးဟာလည်း နှစ်ပေါင်း ၆ဝ ကျော် ကျနော်တို့ ဖြစ်ပွားခဲ့ပြီးပြီ၊ အဲ့ဒါကို တပ်မတော်လည်း သိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သိပါတယ်၊ အဲ့ဒီတော့ ဒါပြန်ပြောရင် တိုင်းပြည်အတွက် ဘယ်လောက်ဒုက္ခရောက်ခဲ့တယ် ဆိုတဲ့ကိစ္စတစ်ခုက ကျနော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်စရာတောင် မလိုတော့ဘူး၊ အဲ့ဒီတော့ အခုတွေ့ဆုံပွဲမှာအဖြေရအောင် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ အားလုံး ဆောင်ကြဉ်းပေးကြပါ၊ တပ်မတော်ရောပေါ့နော်၊ လက်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေရောေ ပါ့နော်၊ အဲ့ဒီအဖြေဟာ ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံကနေပြီးတော့ ထွက်မှာပါ၊ ဒါ့ကြောင့် ကျနော်တို့ ဒါကိုကြိုဆိုနေရတာပါ၊ ထောက်ခံနေရတာပါ၊ ဘာကြောင့်ကြိုဆိုထောက်ခံနေရလဲဆိုရင် ကျနော်တို့အားလုံး ငြိမ်းချမ်းရေးကို လိုချင်လို့ပါပဲ"
လမ်းလျှောက်ပွဲမှာ လူအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားရှေ့ကနေ မင်္ဂလာမန္တလေးအိမ်ယာအထိ ချီတက်ခဲ့ကြ တာဖြစ်ပါတယ်။
ပါဝင်သူတွေဟာ ၂၁ ပင်လုံညီလာခံ အောင်ရမယ်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရပ်စဲရေး တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။ အလားတူ ထောက်ခံကြိုဆိုပွဲတွေကို တခြားတိုင်း နဲ့ ပြည်နယ်တွေမှာလည်း ကျင်းပသင့်တယ်လို့ လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေက တိုက်တွန်းလှုံ့ဆော် ခဲ့ကြပါတယ်။
ချီတက်ပွဲမှာ ပါဝင်ကြသူတွေဟာ လာမယ့် သြဂုတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်တိုင် မန္တလေးမြို့ အနှံ့ လှည့်လည်လမ်းလျှောက်ချီတက်ကြမှာဖြစ်ပါတယ်။