တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံမှု အားရကျေနပ်ကြောင်း ဒေါက်တာ တင်မျိုးဝင်း ပြောကြား


2016.06.03
tinmyowin-group-620.jpg ၂၁ ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ UNFC က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Moe Myin/RFA

တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပွဲအပေါ် မျှော်လင့်တာ ထက်ပိုမို အားရကျေနပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

NCA မှာ လက်မှတ်မထိုးကြရသေးတဲ့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှန်ဂရီလာဟော်တယ်မှာ ဒီနေ့မနက် ၁ဝ နာရီကနေစပြီး နှစ်နာရီကြာ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဂွန်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ တက်ရောက်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်တာကို ရှင်းပြခဲ့တယ်လို့ ဒေါက်တာ တင်မျိုးဝင်း က သတင်းထောက်တွေကို ပြောပါတယ်။

"ဝမ်းသာစရာအချက်ကတော့ အားလုံးကတော့ ဒီညီလာခံကို တက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ အဖြေတစ်ခု ကျနော်တို့ရလိုက်ပါတယ်၊ ဒါအဓိကပဲပေါ့ အဲ့ဒီတော့ ကျနော်တို့ NCA ဆိုတာကို မထိုးရသေးဘူးပေါ့ သို့သော်လည်း ကျနော်တို့ဖိတ်ခေါ်တာက NCA ကို တိုက်ရိုက်မထိုးသေးခင်မှာလည်း မူတွေဘောင်တွေပေါ့ ပြန်လည်ပြီးတော့ ကျနော်တို့ ညှိနှိုင်းမယ် အဲ့ဒါသူတို့ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တာပါ၊ အဲ့ဒီဟာမှာ နောက်တဆင့်ကမှ NCA ထိုးမှာပေါ့နော်၊ ဒါတွေအကုန်လုံးသည် ကျနော်ပြောချင်တာက စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းပြီးတော့ ဖြစ်လာမယ့်အဖြေပေါ့"

တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ကတော့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ သူတို့သိလိုတာတွေ မေးလိုက် သလို၊ တိကျတဲ့အဖြေရတာမျိုး မရှိခဲ့ဘူးလို့ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွန်မော် ကပြောပါတယ်။

"NCA ထိုးပြီးမှပဲ ဒီညီလာခံကို တက်ရောက်ခွင့်ရှိမှာလား၊ နောက်တစ်ခုကတော့ ဒီညီလာခံနဲ့ အရင် NCA နဲ့ ဘယ်လိုချိတ်ဆက်မလဲ၊ အခုက ငြိမ်းချမ်းရေးညီလာခံလို့လည်းပြောတယ် ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ လို့လည်း ပြောတယ်ဆိုတော့ ဒီအပေါ်မှာသူ့ရဲ့သဘောထားက ဘာတွေလဲ၊ တချို့အဖွဲ့တွေကို NCA ထိုးပြီးမှ တက်ရမယ်လို့ ပြောခဲ့သလို တချို့အဖွဲ့တွေကို ထိုးစရာမလိုဘူးလို့ ပြောတဲ့အပိုင်းကဘာလဲ၊ အရင်အစိုးရ လက်ထက်က ညှိနှိုင်းဖို့ခက်ခဲနေတဲ့ ကိုးကန့်၊ တအာင်းနဲ့ AA ကိစ္စများကိုရော ဘယ်လိုသဘောထားသလဲ ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီမေးခွန်းတွေအပေါ်မှာတော့ အခု ဒေါက်တာ တင်မျိုးဝင်းတို့အဖွဲ့ ကတော့ အတိအကျ သူတို့အနေနဲ့ ဖြေပေးသွားတာမျိုးမဟုတ်ပဲနဲ့ သက်ဆိုင်ရာခေါင်းဆောင်များကို ဆက်ပြီး တင်ပြသွားပေးမယ်ဆိုတဲ့ အဖြေမျိုးနဲ့ပဲ ကျနော်တို့ နိဂုံးချုပ်ခဲ့တာဖြစ်ပါတယ်"

အခုဇွန်လဆန်းပိုင်းမှာ ဆပ်ကော်မတီ (၁) က ဗိုလ်ချူပ်ရာပြည့် ဦးဆောင်ပြီး NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ စာချုပ်ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကျင်းပဖို့ရှိပြီး အဲ့ဒီအစည်းအဝေး ကိုလည်း NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ တက်ကြဖို့ ဖိတ်ခေါ်ထားတယ် လို့ ဒေါက်တာ တင်မျိုးဝင်း က ပြောပါတယ်။

ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ လာမည့် ဇွန်လ ဒုတိယအပတ်မှာ မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့သိရပါတယ်။

ဒေါက်တာ တင်မျိုးဝင်းနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။