ပင်လုံညီလာခံ ပြင်ဆင်ရေးအဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ
2016.06.02

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဒီကနေ့ ဇွန်လ ၂ ရက်နေ့ ညနေမှာရောက်ရှိလာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ဟာ ညနေ ၅ နာရီခွဲက တွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက် တွေ့ဆုံခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က RFA ကို အခုလို ပြောဆိုပါတယ်။
"ဒီလာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဒီကာလမှာ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ ဒီနိုင်ငံရေး ဖရိန်ဝပ်တွေပေါ့နော်၊ ရေးဆွဲတဲ့နေရာမှာ သူတို့ ဘယ်လို ကြိုးစားပြီးတော့ ဆွေးနွေးပြီးတော့ ပါဝင် လာနိုင်အောင် ကြိုးစားသွားမလဲဆိုတဲ့ အချက်တွေနဲ့ ကျနော်တို့ကို ရှင်းပြတာရှိတာပေါ့နော်၊ သူတို့ လာပြီးတော့ တွေ့ဆုံတဲ့အချိန်မှာ ကျနော်တို့ဘက်နဲ့ အမြင်သဘောထားတွေ ပြန်ပြီးတော့ ညှိကြည့်တာပေါ့နော်၊ ကျနော်တို့ကတော့ မေးတာပေါ့နော် ဒီ ၂၁ ရာစုက ဘယ်လိုပုံစံမျိုးနဲ့ သွားမယ့်ဟာတွေ ကျနော်တို့ မေးပါတယ်၊ ကျနော်တို့ NCA ရဲ့ အခန်းကဏ္ဍတို့ JMCM တို့ ဒီကိစ္စတွေနဲ့ပါပဲ၊ ကျနော်တို့ နားလည်မှု တူညီမှု ရှိလား မရှိလား အဲ့ဒီ သဘောအနေအထားလောက်ပါ"
တဆက်တည်းမှာပဲ ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဦးမိုးဇော်ဦး ဦးဆောင်တဲ့အဖွဲ့တို့လည်း ညနေ ၆ နာရီမှာ အကြို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ အကြိုညှိနှိုင်း ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး DPN ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် စိုင်းထူး က အခုလို ပြောဆို ပါတယ်။
"မနက်ဖြန် အစီအစဉ် ဆွေးနွေးဖို့လေ ဘယ်နှစ်ယောက်ပါမလဲ၊ ဘယ်လိုဆွေးနွေးမလဲပေါ့ဗျာ၊ ကျနော်တို့ လည်း တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ DPN အနေနဲ့ ကြိုဆိုပါတယ် တွေ့ဆုံဖို့လည်းဆန္ဒရှိတယ်၊ အကြောင်းပေါ့လေ မနက်ဖြန် ဆွေးနွေးမယ့်ကိစ္စကျတော့ အသေးစိတ်တော့ မနက်ဖြန်မှ သိမှာပေါ့၊ လောလော ဆယ် ပဏာမအနေနဲ့ပဲ သူတို့လာမေးတယ်၊ ကျနော်တို့ အနည်းဆုံးတော့ ၁၃ ယောက်တော့ပါမယ် အတိ အကျတော့ နာမည် မပြောနိုင်သေးဘူး၊ ဆွေးနွေးတဲ့အကြောင်းအရာက ကျနော်တို့ ၂၁ ပင်လုံ ကိစ္စ ဒါပါပဲ၊ အခြေခံတာပါပဲ"
မနက်ဖြန် ဇွန်လ ၃ ရက်နေ့မှာတော့ ချင်းမိုင်မြို့က Shangri-la Hotel မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ယောက်နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့တွေ ဟာ မနက် ၁၀ နာရီမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။