၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့ စတင်ကျင်းပမည်


2016.08.08
dassk-state-counsellor-620.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office Facebook

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။

ဒီနေ့ နေပြည်တော် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံကျင်းပနိုင်ရေး အစည်းအဝေးမှာ ပြောခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီဆိုတာ ကျနော်တို့ အစိုးရ ဘက်အခြမ်းကနေပြီးတော့ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စတွေ လုပ်ဆောင်မယ့်ဟာ ဖွဲ့စည်းလိုက်တာပေါ့၊ အဲ့ဖွဲ့စည်းတဲ့အခါမှာ နေပြည်တော်မှာကျင်းပမယ့် ညီလာခံနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စတွေ ဆွေးနွေးတာဖြစ်တယ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာတော့ ညီလာခံစပြီးတော့ ကျင်းပမယ်လို့ ကျနော်တို့လျာထားတယ်"

၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးကို အနည်းဆုံး ၅ ရက်ခန့်ကျင်းပသွားမယ်လို့ လျာထားပြီး လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး မှာ အတည်ပြုသွားမယ်လို့ ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ ညီလာခံတက်ရောက်သူတွေ တည်းခိုနေထိုင်မှု အဆင်ပြေရေးအတွက် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာအဖွဲ့ကို ဒီနေ့သမ္မတအိမ်တော်မှာ ကျင်းပတဲ့အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လည်ပိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေရပ်စဲရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နှစ်နာရီခွဲကြာ ဆွေးနွေးမှုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး နဲ့ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ရယူပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။