နှစ်သောင်းတန် ထုတ်ဝေမယ့်သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီ ငြင်းဆို

RFA Burmese
2024.02.26
နှစ်သောင်းတန် ထုတ်ဝေမယ့်သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီ ငြင်းဆို ရန်ကုန်မြို့လယ်ရှိ ငွေလဲစင်တာတစ်ခုအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို မတ်လအတွင်းမှာ ထုတ်ဝေမယ့်သတင်းဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီသတင်းတွေဟာ ငွေကြေးဈေးကွက်နဲ့ ဘဏ်တွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်တာလို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ပြောထားပါတယ်။

နှစ်သောင်းကျပ်တန်တွေကို ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လဲလှယ်ဖို့ အကန့်အသတ်နဲ့သာ ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

နှစ်သောင်းကျပ်တန်တွေ ထုတ်ဝေမယ်ဆိုတဲ့ သတင်းကြောင့် ကားနဲ့ ဒေါ်လာတွေကို ဝယ်ယူစုဆောင်းနေကြတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဗဟိုဘဏ်က ဖော်ပြထားပါတယ်။

ဒီသတင်းတွေကြောင့် လက်ရှိမှာတော့ အမေရိကန် ဒေါ်လာဈေးဟာ လကုန်ရက်ဖြစ်ပေမယ့် တက်နေတယ်လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

"နှစ်သောင်းတန် ထွက်၊ မထွက်တော့ မသိဘူး။ ပုံမှန် လကုန်ဆို ဈေးကျနေတဲ့ ဒေါ်လာတို့၊ ဘာတို့တောင် အခု ဈေးတွေ တက်နေပါတယ်"‌

အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၃၄၆၀ ကျပ်ဝန်းကျင် ရှိခဲ့ရာကနေ နှစ်ပတ်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၃၆၀၀ ကျပ် ဝန်းကျင်ကို တဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ။

အာဏာသိမ်းပြီးနောက် နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီသတင်းတွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ မာရဝိဇယရုပ်ပွားတော် ပြီးစီးတဲ့ အထိမ်းအမှတ်၊ စစ်ကောင်စီရဲ့ ဆင်ဖြူတော် မွေးဖွားခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်နဲ့ နှစ်သောင်းတန်ငွေစက္ကူကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကစလို့ အကန့်အသတ်နဲ့ ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။