ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ ကိုယ်စားလှယ် ၁၂၅ ဦး ဆွေးနွေးမည်
2019.07.24

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို တပ်မတော်သား ကိုယ်စားလှယ် ၇၈ ဦးအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၁၂၅ ဦး ဆွေးနွေးဖို့ အမည်စာရင်း ပေးသွင်းထားပါတယ်။
အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဒီလ ၁၅ ရက်က ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချက်ပေါင်း ၃၇၆၅ ချက်ကို တင်သွင်းထားတာဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ၇၈ ဦးအထိ စံချိန်တင် ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဘာ့ကြောင့် တပ်မတော်သားကိုယ်စားလှယ် ၈၀ နီးပါးစာရင်းပေးထားသလဲဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် သန်းစိုးကို သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိပါဘူး။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့ တပ်မတော်နဲ့ သူတို့ပါတီ ဆွေးနွေးမှုတူနိုင်တယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေလိုပဲ ၄၅ ဦးပါ ပူးပေါင်းကော်မတီဖွဲ့စည်းတဲ့ အပေါ် ဝေဖန်ကန့်ကွက်ခဲ့ပြီး ဒီအစီရင်ခံစာမှာတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရွေးကောက်တင်မြှောက်ခြင်း ကဏ္ဍတွေအတွက် ပြင်ဆင် ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက် ၁၀ ချက် တင်သွင်းထားတာပါ။
အင်န်အယ်လ်ဒီပါတီ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ကတော့ တပ်မတော်က အစီရင်ခံစာကို ဆွေးနွေးဖို့ စာရင်းအများကြီးပေးတာဟာ ကန့်ကွက်မဲ့သဘောလို့ ထင်တယ်လို့ ပြောပါတယ်။
NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ အခန်းကဏ္ဍအကုန်လုံးမှာ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ဖို့ တင်သွင်းထားတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာမှာ ပြင်ဆင်ချက်ပေါင်း ၁၁၁၂ ချက်နဲ့ အများဆုံးတင်သွင်းထားတဲ့
SNLD ပါတီကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က တပ်မတော်သားတွေအနေနဲ့ ပြင်ဆင်မယ့်အချက်တချို့ကို ကန့်ကွက်မယ့်သဘောရှိတယ်လို့ သုံးသပ်ပါတယ်။
နောက်ထပ် တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာမှာ ပြင်ဆက်ချက်ပေါင်း ၈၅၈ ချက် တင်သွင်းထားပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍလျှော့ချရေးကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။
၄၅ ဦးပါ ကော်မတီက တင်သွင်းထားတဲ့ အစီရင်ခံစာထဲမှာ အခန်း ၅ ဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍက ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ဖို့ အချက် ၁၂၀၀ ကျော်နဲ့ အကြံပြုချက်အများဆုံး တင်သွင်းခံထားရတာဖြစ်ပါတယ်။
အဲဒီကော်မတီအစီရင်ခံစာကို တပ်မတော်က ၇၈ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၇ ဦး၊ SNLD က ၃ ဦး၊ ရခိုင်အမျိုးသားပါတီက ၅ ဦၤး၊ အင်န်အယ်လ်ဒီပါတီက ၆ ဦးအပါအဝင် စုစုပေါင်း ၁၂၅ ဦး လာမယ့် ဇူလိုင်လ၂၉ ရက်မှာ စတင်ဆွေးနွေးမယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)