ငါးလအတွင်း မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား
2024.05.01

Updated 6:48 PM May 1,24
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး ငါးလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဧပြီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ BNI-Myanmar Peace Monitor ရဲ့ သုတေသနအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအစီအရင်ခံထဲမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ငါးလအတွင်း နိုင်ငံတစ်ဝန်းက စစ်ရေးအခြေအနေတွေကို ဖော်ပြထားတာပါ။
ငါးလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင် ပြည်နယ်က မြို့အများစုကိုသိမ်းယူနိုင်ခဲ့သလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယား ပြည်နယ်မှာလည်း မြို့တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကိုတော့ ရက်ပေါင်း ကိုးဆယ်ကျော်အတွင်း စစ်ကောင်စီဘက် ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ဟာ တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံး ဒေသတွေအဖြစ် ရပ်တည်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်းပေးတဲ့ ဟိုင်ဂင်သဘောတူညီချက်နဲ့အတူ တိုက်ပွဲတွေလျော့ကျသွားခဲ့တယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာ ရခိုင်ပြည်နယ်ကတော့ ငါးလအတွင်း တိုက်ပွဲ (၁၄၉) ကြိမ်ဖြစ်ခဲ့ပြီး စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးဒေသအဖြစ် ရပ်တည်နေတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းကတော့ တိုက်ပွဲဖြစ်ပွားမှု (၁၄၄) ကြိမ်နဲ့ ဒုတိယစစ်ရေးအပြင်းအထန်ဆုံးဒေသ ဖြစ်ပါတယ်။
အခုအစီအရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် ပထမငါးလအတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၈၀) ဖြစ်ခဲ့ပြီး စစ်ဆင်ရေးစတင်ပြီး ငါးလအတွင်းမှာ တိုက်ပွဲပေါင်း (၈၇၈) ကြိမ်ထိဖြစ်ခဲ့တာကြောင့် စစ်ရေးအရှိန် မြင့်တက်လာနေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
(မှတ်ချက်။ မူလသတင်းခေါင်းစဥ် “၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့ပေါင်း ၅၄ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား”အစား “ငါးလအတွင်း မြို့ပေါင်း ၅၂ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထား”ဟု ပြင်ဆင်ရေးသားထားပါသည်။)