အတိုင်ပင်ခံရုံး ညွှန်ချုပ်ဟောင်း ဦးဇော်ဌေး ဈာပန နေပြည်တော်မှာ ကျင်းပ

သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် သမ္မတရုံး ပြောခွင့်ရအဖြစ် တာဝန်ယူခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ်ဟောင်း ဦးဇော်ဌေးရဲ့ ဈာပနကို မေလ ၂၄ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
မေလ ၂၃ ရက်နေ့က ကွယ်လွန်သွားတဲ့ NLD အစိုးရကာလ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးရဲ့ ရုပ်အလောင်းကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကနေ ကွေ့ကြီး သုသာန်ဆီ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ဘူးဆိုရင် သူဟာ တိုင်းပြည်အတွက် ကောင်းကောင်း မွန်မွန် အလုပ်ဆက်လုပ်နိုင်မယ့် လူတော်တစ်ယောက်ဖြစ်တယ်လို့ လွှတ်တော် အမတ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
"တစ်ခုတော့ ပြောနိုင်တာပေါ့ဗျာ။ တကယ်လို့သာ ကျနော်တို့ ၂၀၂၁ ဖေဖော်ဝါရီလ အရေးအခင်း မဖြစ်ခဲ့ဘူးဆိုရင်တော့ သူက သေချာပေါက် NLD ပါတီမှာ ဆက်ပြီးတော့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ဆက်ပါနေမယ်ပေါ့။ တိုင်းပြည်အတွက်တော့ တော်တော်လေး ရှေးမီနောက်မီ အတွေ့အကြုံလည်း များတဲ့အခါကျတော့ တိုင်းပြည်အတွက်တော့ တော်တော် ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုနိုင်မယ့် ပုဂ္ဂိုလ်လို့တော့ ပြောနိုင်ပါတယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေး USDP နဲ့ NLD အစိုးရ နှစ်ဆက်လုံးမှာ သမ္မတရုံးပြောခွင့်ရအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဇော်ဌေးဟာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာအရေးနဲ့ NLD အစိုးရ လက်ထက် ရခိုင်စစ်ပွဲကိစ္စတွေမှာ အစိုးရနဲ့ စစ်တပ်ကို ကာကွယ်ပြောဆိုလို့ဆိုပြီး ရခိုင် လူမျိုးတွေနဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးသမားတွေရဲ့ ပြစ်တင် ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုနီးကပ်လာတာမို့ စစ်တပ်ဘက်က အမြင်မကြည်လင်မှုတွေ ရှိလာသလို ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အရှုံးကိုလက်မခံရင် ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးကြိုးဆွဲချတဲ့ပါတီ ဖြစ်လိမ့်မယ်လို့ စကားလုံးပြင်းပြင်းနဲ့ ဝေဖန်ခဲ့သူမို့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မုန်းတီးမှုကို သူ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့ မနက်ပိုင်းမှာတော့ သူ့အိမ်ရှေ့မှာ စစ်ကားတစ်စီး ရုတ်တရက်ရောက်လာပြီး ပိတ်ဆို့ထားတဲ့အတွက် နောက်တစ်ရက်မှာပဲ သူက အတိုင်ပင်ခံရုံး ညွှန်ချုပ်ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ စစ်ကောင်စီရဲ့ ငါးလနီးပါးကြာ ဖမ်းဆီးစစ်ဆေးတာကို ဦးဇော်ဌေး ခံခဲ့ရပါတယ်။
NLD ပါတီ စမ်းချောင်းမြို့နယ်ဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ ဦးဇော်ဌေးဟာ သမိုင်းလှတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
"စစ်တပ်သာ အာဏာမသိမ်းဘူးဆိုရင် ဒီလူတွေဟာ အခုချိန်မှာ ဒီလောက်ကြီးအထိ တော့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖောက်ပြန်စရာ မရှိဘူးလို့ မြင်တယ်ဗျ။ သိလား။ နောက်ပြီးတော့ ဦးဇော်ဌေးနဲ့ ပတ်သက်ပြီးတော့ သမိုင်းကလှတယ်လို့ပဲ ပြောရတော့ မှာပေါ့ဗျာ။ အာဏာသိမ်းပြီးတော့ တက်လာတဲ့ စစ်တပ်လက်ထက်မှာ သူကနေပြီးတော့ ထွက်စာသွားတင်တယ်ဆိုတဲ့ကိစ္စက သမိုင်းအားဖြင့်တော့ လှတယ်လို့ ဆိုရမှာပေါ့ဗျာ။ တခြား ဘာအကြောင်းပြချက်နဲ့ပဲ လုပ်လုပ်ပေါ့"
ကွယ်လွန်သူ ဦးဇော်ဌေးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ မှာ အခုလက်ရှိ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ တစ်ပတ်စဥ်တည်း အတူတက်ခဲ့သူဖြစ်ပါတယ်။ ဒီနေ့ ဦးဇော်ဌေးရဲ့ ဈာပနကို ဗိုလ်ချုပ် ဇော်မင်းထွန်းလည်း လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
နိုင်ငံတာဝန်ကို အတူထမ်းဆောင်ခဲ့ကြသူချင်းမို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
"ကျရာကဏ္ဍကနေ တာဝန်ကျေပွန်အောင် နိုင်ငံ့အရေး၊ တပ်မတော်အရေးအတွက် လုပ်ဆောင်ပေးနေသူ လူတစ်ယောက် ဖြစ်ပါတယ်။ ဒီမနက်ပိုင်းမှာ ကျနော်တို့ သတင်းကြားလိုက်ရတော့ ကျနော်တို့ အပတ်စဉ် အနေနဲ့ရော၊ ကျနော့်အနေနဲ့ကတော့ ဒါနိုင်ငံတော်နဲ့ တပ်မတော်အတွက် အများကြီး အလုပ်လုပ်ခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်။ ပြီးရင် နိုင်ငံ့အကျိုးအတွက် တတ်စွမ်းသမျှ ပါဝင်ထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ကတော့ ဒါအများကြီး ဝမ်းနည်းကြေကွဲရ တယ်လို့ ပြောချင်ပါတယ်"

သူဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လက်ထက် ဝန်ကြီးချုပ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အစိုးရအဖွဲ့ရုံးမှာ တာဝန်ယူဖို့ အရပ်ဘက်ကို ပြောင်းရွှေ့ ခံရတဲ့ စစ်ဘက်အရာရှိတစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရုံးပြောခွင့်ရသူအဖြစ် စတင် တာဝန်ယူခဲ့တာပါ။
သူ့တာဝန်ကို ကျေပွန်အောင် အကောင်းဆုံးဆောင်ရွက်သွားသူတစ်ဦးလို့ ဦးသိန်းစိန် အစိုးရ လက်ထက် သမ္မတရုံးပြောခွင့်ရနဲ့ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲထွဋ်က ဆိုပါတယ်။
"ကိုဇော်ဌေးလို့ ပြောရင်တော့ဗျာ၊ ပထမဆုံး စမြင်ရမှာကတော့ ကျနော် မြင်တာတော့ အရာရှိငယ်တစ်ယောက်၊ လေ့လာအား၊ စာဖတ်အား ကောင်းတယ်။ သူ့တာဝန်ကိုသူ အကောင်းဆုံး ကျေပွန်အောင် ဆောင်ရွက်ချင်တယ်။ နောက်တစ်ခါ စစ်သားဖြစ်ပေမယ့် လည်း အရပ်ဘက်အဖွဲ့အစည်းတွေ အထူးသဖြင့် မီဒီယာတွေနဲ့ ဆက်ဆံရတဲ့ သဘော သဘာဝကို ကောင်းကောင်း နားလည်တယ်။ သူ့တာဝန်သူ ကျေပွန်အောင် အကောင်းဆုံး လုပ်သွားတဲ့ လူလို့ပဲ ကျနော်မြင်တာပေါ့"
ဦးဇော်ဌေးဟာ မှူးဇော်အမည်နဲ့ စာအုပ်တွေ ထုတ်ဝေခဲ့ပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်အရေးနဲ့ ရိုဟင်ဂျာအရေးကိစ္စတွေမှာ သူ့ရဲ့တင်းမာတဲ့ သဘောထားတွေနဲ့ ပြောဆိုချက်တွေကြောင့် ဝေဖန်ခံခဲ့ရပြီး ဘာသာရေး လှုံ့ဆော်သူ၊ ပဋိပက္ခတွေ ပိုဖြစ်လာအောင် တွန်းအားပေးသူ၊ အမုန်းစကားတွေ ဖြန့်ဝေသူ အဖြစ် ရှုမြင်သူတွေလည်း ရှိခဲ့ပါတယ်။
သူဟာ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်အရေးကိစ္စဖြေရှင်းရာမှာ အစိုးရ ကိုယ်စားလှယ်အဖြစ် ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးခံရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
"ဘာပဲဖြစ်ဖြစ် သူရဲ့လုပ်အားက တစ်စုံတစ်ရာ ကျနော်တို့ ဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းပွဲတွေမှာ တော်တော်ထိရောက်ခဲ့ပါတယ်"
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးခွန်ဥက္ကာကတော့ ဦးဇော်ဌေး ကွယ်လွန်သွားတဲ့ အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ရဲ့ လူကောင်းတစ်ယောက်ကို ဆုံးရှုံးရတယ်လို့ ပြောပါတယ်။
“ကျနော်တို့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တစ်ယောက်ပေါ့ဗျာ။ နှမြောတာပေါ့။ သူဆုံးရှုံးသွားတဲ့အတွက်။ ဘာပဲဖြစ်ဖြစ် သူရဲ့လုပ်အားက တစ်စုံတစ်ရာ ကျနော်တို့ ဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းပွဲတွေမှာ တော်တော်ထိရောက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အခြေအနေ ပြောင်းသွားတဲ့အပေါ်မှာ သူ့ရဲ့လုပ်အားတွေ ဆုံးရှုံးရုံမကပေါ့ဗျာ၊ လူပုဂ္ဂိုလ်ပါ အသက်ပါဆုံးရှုံးရတယ်ဆိုတာ ကျနော်တို့ မိသားစုနဲ့ထပ်တူ ဝမ်းနည်း ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ လူကောင်းတစ်ယောက် ဆုံးရှုံးတာပေါ့ဗျာ”
ဦးဇော်ဌေးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ပြန်လွတ်မြောက်လာပြီးတဲ့နောက် တိုင်းပြည်ပြင်ပကို မထွက်ခွာဖို့၊ လူသိရှင်ကြား မနေဖို့နဲ့ စာအုပ်စာပေ ရေးသားထုတ်ဝေတာမျိုး မလုပ်ဖို့ စစ်ကောင်စီဘက်က တားမြစ်ပိတ်ပင်ချက်တွေကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ရွှေကြာပင်ရပ်ကွက်မှာ အိမ်ငှားနေထိုင်ရင်း အသက် ၄၉ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးဇော်ဌေး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။