ရခိုင်အရေး၊ ငြိမ်းချမ်းရေး သမ္မတရုံးသတင်းစာရှင်းလင်း
2019.03.29
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး အကြိမ်အဖြစ် ပြောကြားခဲ့ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုကျော်လွင်ဦးက ကောက်နုတ်ထားပြီး ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
■ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှု ၄၄ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒီနေ့ နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ ၂၇ ယောက်နဲ့ အရပ်သား ၁၂ ဦး စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောပါတယ်။
“ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ ကျဆုံးတာက ၂၇ ယောက်ရှိပါတယ်၊ အရပ်သားက သေဆုံးတာ ၁၂ ယောက် စုစုပေါင်း ၃၉ ယောက် သေဆုံးရှိပါတယ်၊ ဒဏ်ရာရတာကတော့ ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာရပါတယ်၊ အရပ်သားက ၂၀ ဦး စုစုပေါင်း ၄၆ ဦး ဒဏ်ရာရပါတယ်၊ တပ်မတော်နဲ့ ထိတွေ့မှုဖြစ်စဉ်တွေမှာ AA ဘက်က ဒီနေ့ချိန်ထိ ၅၈ ဦး သေပါတယ်၊ အရှင် ၈ ဦး ဖမ်းမိပါတယ်”
တိုက်ပွဲမဟုတ်ဘဲ သာမန်အချိန်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအပါအဝင် အရပ်သားတွေကို ရက္ခိုင့်တပ်မတော် AA က သတ်ဖြတ်တာ ၆ ဦးရှိကြောင်းနဲ့ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့ သတင်းရှင်းလင်းပွဲမှာပဲ RFA သတင်းဌာနက ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ဖို့ဆိုပြီး ကေ်ာမရှင်တွေဟာ ၁၀ ခုကျော်ဖွဲ့စည်းထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သမ္မတက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ချမ်းရေး အထောက်အကူပြု ကော်မတီဟာ အောင်မြင်မှုရမလားလို့ မေးမြန်းခဲ့ပါတယ်။
ဦးဇော်ဌေးကတော့ ဒီကော်မတီမှာ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တာ၊ ရခိုင်ကိစ္စတွေမှာ ဆောင်ရွက်နေတဲ့သူတွေပါတာကြောင့် ထိုက်သင့်သလောက် အောင်မြင့်မယ်လို့ယူဆကြောင်း အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ရခိုင်ပြည်နယ် လွှတ်တော်က ကိုယ်စားလှယ်တွေပါတယ်၊ ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေပါတယ်၊ အစိုးရပိုင်းမှာကော ရခိုင်တိုင်းရင်းသား ရာထူးရှိတဲ့လူတွေပါတယ်၊ အရင်တုန်းက ဒုဝန်ကြီးလုပ်ခဲ့တဲ့သူတွေပါတယ်၊ အထူးသဖြင့် ရခိုင်မှာဝန်ကြီးချုပ်လာခဲ့တဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်း သူလည်းပါတယ်၊ ထိထိရောက်ရောက်လုပ်နိုင်ရင် လုပ်နိုင်သလောက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မြှင့်တင်ပေးနိုင်မယ်လို့ ကျနော်တို့မြင်တယ်”
သတင်းထောက်တစ်ဦးက AA ကို အမြစ်ဖြတ်ချေမှုန်းဖို့ နိုင်ငံတော် အတိုင်ပင်ခံက ညွှန်ကြားပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားပြီး အွန်လိုင်းတွေမှာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်ကာ ဝါဒဖြန်ေ့နတာတွေကို အစိုးရက ဘယ်လိုဖြေရှင်းသွားမလဲလို့ မေးမြန်းခဲ့ပါတယ်။
ဦးဇော်ဌေးကတော့ တိုင်းရင်းသားတွေ တန်းတူအခွင့်ရေးအပါအဝင် ပင်လုံမှာဆွေးနွေးနေပြီး စိတ်ရှည်ပေးကြဖို့နဲ့ လက်တလော ကော်မရှင်ဖွဲ့တာအပါအဝင် သတင်းထုတ်ပြန်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးနေပြီ၊ ပြည်နယ်ထဲမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒီသုံးခုကို ဆောင်ရွက်နိုင်ပြီ၊ ကျင့်သုံးနိုင်ပြီ၊ တန်းတူရည်တူနဲ့ တကယ်ဖက်ဒရယ်စနစ်ကို ရောက်သွားမယ်ဆိုရင်တော့ ဒါတွေက အားလုံးပြေလည်သွားပါလိမ့်မယ် သို့သော် ခုကြားကာလမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေက မပြီးပြတ်သေးဘူး ဒီအပေါ်မှာတော့ တိုင်းရင်းသားတွေက နားလည်ဖို့လိုတယ်၊ လူမျိုးရေးအနေနဲ့ မကြီးထွားလာအောင် ဆိုရှယ်မီဒီယာအပါအဝင် ထိန်းသိမ်းမှုတွေလုပ်ပါတယ်၊ အစိုးရကတော့ ကော်မရှင်ဖွဲ့စည်းခြင်းအပါအဝင် လုပ်သင့်လုပ်ထိုက်တာတွေ သတင်းထုတ်ပြန်တာလည်းရှိတယ်၊ မထုတ်ပြန်တာလည်းရှိတယ် ဆောင်ရွက်နေပါတယ်”
ရက္ခိုင့်တပ်မတော် အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တောင်းဆိုနေတဲ့ ပဏာမအပစ်ခတ်လက်မှတ် ရေးထိုးရေး ဆွေးနွေးနေချိန်မှာပဲ AA အဖွဲ့က ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်က လက်မခံဘဲ ပျက်သွားခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော်နဲ့ ပဏပအပစ်ရပ်လက်မှတ်ထိုးဖို့ ဖြစ်နိုင်ချေရှိမရှိ မေးမြန်းရာမှာတေ့ာ ရက္ခိုင့်တပ်မတော်က NCA လက်မှတ်ရေးထိုးမယ်ဆိုတဲ့ ကတိကို ပဏာပအပစ်ရပ်စာချုပ်ပါရင် လက်ခံမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“NRPC က ကြိုးပမ်းနေတာက လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ စားပွဲဝိုင်းပေါ်ရောက်လာအောင် ကြိုးပမ်းနေတယ်၊ ကြိုးပမ်းနေတာက DOC နဲ့ ပဏာမသဘောတူစာချုပ့်ပေါနော်၊ ပထမ AA နဲ့ ညှိတာက ပဏမ သဘောတူညီမှုစာချုပ် ညှိတာဖြစ်ပါတယ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ တိုက်တာတွေဖြစ်လာတယ်၊ ဖြစ်လာတော့ DOC ပြောင်းသွားတာဖြစ်ပါတယ်၊ သို့သော်ကျနော်တို့ ပြောနိုင်တာကတော့ NCA ထိုးမယ်လို့ ကတိပြုချက် ပဏမ သဘောတူစာချုပ်မှာ ပါရမယ်ဆိုရင် လက်ခံနိုင်တဲ့အနေထားရှိတယ်”
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၇၀၀၀ ကျော်ရှိတယ်လို့ ဦးဇော်ဌေးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီစစ်ဘေးရှောင်တွေကို အစိုးရက အကူညီပေးဖို့ရှိမရှိ မေးမြန်းရာမှာတော့ လက်တလော ဒုက္ခသည်စခန်းတွေဟာ ပြန့်ကျဲနေတာကြောင့် အကူညီပေးဖို့အခက်အခဲဖြစ်နေပြီး ဆက်သွယ်ရေးကောင်းတဲ့ နေရာတွေကို စနစ်တကျထားပြီး အရပ်ဘက်အဖွဲ့တွေ၊ NGO အဖွဲ့တွေနဲ့ အစိုးရပူးပေါင်းပြီး ကူညီပေးမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
“ဒုက္ခသည်စခန်းတွေက နေရာမျိုးစုံမှာ ပြန့်ကျဲနေတယ်၊ အဲဒီတော့ ကျွန်တော်တို့ စီမံခန့်ခွဲမှု ကောင်းကောင်းမွန်မွန်နဲ့ ထောက်ပံ့နိုင်ဖို့အတွက် စနစ်တကျ စုစည်းပြီးတော့ ဒုက္ခသည်စခန်းတွေ ပြန့်ကျဲနေတာကို နီးစပ်ရာ စုစည်းပြီးတော့၊ ကျွန်တော်တို့က စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု ဒါတွေကို အထောက်အကူ ပေးနိုင်ဖို့အတွက် လွယ်ကူတဲ့နေရာဖြစ်ရမယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း တာဝန်ယူနေတာရှိတယ်၊ အဲဒါတွေကို စနစ်တကျဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်၊ ပြည်နယ်အစိုးရနဲ့ လူကယ်ပြန်ဝန်ကြီးဌာန၊ အဲဒီရခိုင်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းကွန်ရက် ဒါတွေပူးပေါင်းပြီး လုပ်နေကြပါတယ်”
တစ်ချိန်တည်းမှာလည်း လတ်တလောက ချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံကို လာမယ်နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သွားရောက်ကာ တည်ဆောက်ဖို့ ပနက်သွားရိုက်ဖို့ သတင်းတွေ ထွက်ပေါ်နေသလို မြစ်ဆုံစာချုပ်နဲ့ပတ်သက်ပြီး အစိုးရ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို မေးမြန်းတာတွေရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လုံးဝမဟုတ်ကြောင်းနဲ့ ဒီမြစ်ဆုံနဲ့ပတ်သက်ပြီး ပြည်သူတွေကို သိသင်တဲ့အချိန်မှာချပြမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“ကျွန်တော်တို့ မြစ်ဆုံနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပနက်ရိုက်ဖို့ရှိတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ ဒီကိစ္စက ထိလွယ်ရှလွယ် ကိစ္စဖြစ်ပါတယ်၊ တရုတ်နိုင်ငံအတွက်လည်း အရေးကြီးတဲ့ စီမံကိန်းလည်းဖြစ်တယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတယ်၊ လူထုအတွက်လည်း အရေးကြီးတယ်၊ ဒီပေါ်မှာ အကောင်းဆုံးဖြစ်အောင် လူကြီးတွေ စဉ်းစားပြီး လုပ်နေတယ်၊ အချိန်တန်ရင် ပြည်သူလူထုကို ချပြမှာဖြစ်ပါတယ်၊ ဘယ်အချိန်ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာကျင်းပမယ့် ရန်ကုန်စည်ပင်သာ ရွေးကောက်ပွဲကို လာရောက်မဲပေးမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ဒီနိုင်ငံတော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲဟာ နှစ်ပတ်တစ်ကြိမ်ကျင်းပပြုလုပ်တာဖြစ်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကိစ္စ စတဲ့အချက်တွေကို အဓိကထားပြောသွားခဲ့ပါတယ်။