ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းရောက်မြန်မာတွေ စုပေါင်းကူညီ

ခင်ခင်အိ
2023.12.19
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းရောက်မြန်မာတွေ စုပေါင်းကူညီ ကရင်နီစစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ရန် ချက်ပြုတ်ကြော်လှော်နေကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူတွေ တစ်နေ့တခြား များပြားလာနေတဲ့အချိန်မှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ဒီစစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ သူတို့ကိုယ်တိုင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ကြားက မိမိတို့ရဲ့ချွေးနှဲစာထဲက ငွေကြေးလေးတွေ စုဆောင်းကြ၊ အားလပ်ချိန်လေးမှာ အလှူငွေတွေလိုက်လံ ကောက်ခံကြ၊ လုပ်အားပေးကြနဲ့ ဒီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ကူညီထောက်ပံ့ဖို့ လုပ်ဆောင်နေကြပါတယ်။

ဒီလိုကူညီနိုင်ဖို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေနဲ့ စုဖွဲ့ထားတဲ့ သွေးချင်းမဟာမိတ်အဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စတင်ဆောင်ရွက်ခဲ့ကြတာပါ။

အခုလို ကူညီနိုင်ဖို့ အပတ်စဉ် နေရာပေါင်းစုံမှာ အလှူခံတယ်လို့ ထောက်ပို့ညီနောင် အဖွဲ့ဝင် ကိုသားကြီးက ပြောပါတယ်။

“ကျွန်တော်တို့က တနင်္ဂနွေအပတ်တိုင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေရဲ့စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေအတွက် နေရာပေါင်းစုံ လိုက်ပြီး အလှူခံပြီး ထောက်ပံ့ပေးနေတာဖြစ်ပါတယ်”

သွေးချင်းမဟာမိတ်အဖွဲ့မှာ ထိုင်းနိုင်ငံအခြေစိုက် လူငယ်အဖွဲ့ ၁၄ ဖွဲ့ပါဝင်ပြီး အင်အားနှစ်ရာနီးပါးနဲ့ လှုပ်ရှားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

အလှူခံတဲ့သူတွေက အလှူခံနေသလို စစ်ဘေးဒုက္ခသည်တွေ အသင့်စားနိုင်အောင် ကြက်သားဘာလချောင်ကြော်၊ ငါးဘာလချောင်ကြော်ကိုလည်း ဒီရက်ပိုင်းမှာ နေ့ရော ညပါ ကြော်လှော်နေကြတာတွေကိုလည်း တွေ့ရပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ချွေးနှဲစာထဲကနေ ဒုက္ခသည်တွေအတွက် တစ်ဖက်တစ်လမ်းအကူအညီပေးနေတာလို့ မမဲလုံးက ပြောပါတယ်။

“ ကျွန်မတို့ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေကြလို့ ဒီမှာ ထိုင်းနိုင်ငံကနေ တစ်ဖက်တစ်လမ်းကနေပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကျွန်မတို့ ချွေးနှဲစာထဲကနေ ကူညီလုပ်ဆောင်ပေးနေတာပါ”

သွေးချင်းမဟာမိတ်အဖွဲ့အနေနဲ့ အရင်ကလည်း ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟောင်ဆောင်မြို့မှာရှိတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဆန်အပါအဝင် စားနပ်ရိက္ခာ အခြောက်အခြမ်းတွေ နှစ်ကြိမ်သွားရောက် ကူညီခဲ့ဖူးပြီး အခုတစ်ခါတော့ မြန်မာနိုင်ငံတွင်းက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ များလာတဲ့အတွက် သူတို့တွေ အကူအညီမရမှာ စိုးရိမ်တယ်လို့ သွေးချင်းမဟာမိတ်အဖွဲ့က ကိုမိုးကျော်နိုင်က ပြောပါတယ်။

“ကျွန်တော်တို့ သွားတဲ့အချိန်တိုင်း စစ်ဘေးရှောင်တွေက နည်းမသွားဘူး များများလာတယ်။ များလာတော့ ကျွန်တော်တို့ ပို့တဲ့ ရိက္ခာတွေက မလောက်တော့ဘူး။ ငါတို့လာမပို့ရင် ဒီစစ်ဘေးဒုက္ခသည်တွေ ဘယ်လိုများနေကြမလဲဆိုတဲ့ အတွေးဝင်လာတယ်၊ ကျွန်တော်တို့ နိုင်ငံတကာမှာ ရှိတဲ့သူငယ်ချင်းတွေ ထိုင်းနိုင်ငံမှာရှိတဲ့ သူငယ်ချင်းတွေ စုပြီးကူညီနေတာပဲ။ ဘယ်လိုပဲ ကူညီကူညီ ဒီစစ်ဘေးရှောင်တွေအတွက် လောက်မှာမဟုတ်ဘူး။ ဘာလို့လဲဆို စစ်ဘေးရှောင်တွေ တဖြည်းဖြည်းနဲ့ များများလာတာကိုး။ ကျွန်တော်တို့က တစ်လလောက်မှ တစ်ခါပို့တယ်ထား ဒီတစ်လပို့တာ သူတို့ ဘယ်လောက်စားရမလဲ။ ကျွန်တော်တို့ မပို့ရင် သူတို့ ဘယ်လိုစားရမလဲဆိုတာ တွေးရင် ရင်လေးမိပါတယ်။ ”

ကြက်သား ပိဿာချိန် ၃၀၀ ကျော် ကြော်ရတာဖြစ်တဲ့အတွက် နေရာ လေးနေရာခွဲပြီး ကြော်လှော်ခဲ့ရတယ်လို့ ဆိုပါတယ်။ အလုပ်သမားတစ်ဦး ဖြစ်တဲ့ ဦးရန်ကုန်က စစ်ဘေးဒဏ်ခံရ၊ အိုးအိမ်ဖျက်ဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အလွန်စိတ်မကောင်းဖြစ်ရတာကြောင့် အခုလို ပါဝင်ကူညီတာလို့ ပြောပါတယ်။

“ ဒါတွေက စစ်ဘေးရှောင်တွေကို ပို့ဖို့လေ။ ကလေးတွေ သနားဖို့ သိပ်ကောင်းတယ်။ အဲဒီအတွက် ငါတို့ရဲ့ ချွေးနှဲစာတွေနဲ့ ချက်ပြုတ်ထားတာ။ သူတို့ဆီကို ရောက်အောင်ပို့မှာ။ သူတို့ခမျာ ဒုက္ခအရမ်းရောက်နေရတယ်။ ငါတို့မှာ စားနေသောက်နေရတယ် သူတို့မှာ မစားရဘူး မသောက်ရဘူး။ အဲဒါ မကျေနပ်ဘူး၊ အိမ်တစ်လုံးရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အဲဒီအိမ်ကို မိနစ်အတောအတွင်း မီးရှို့လိုက်တာ ဟာ ဝမ်းနည်းတယ်ကွာ ”

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ကူညီရန် ပြင်ဆင်နေကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ကူညီရန် ပြင်ဆင်နေကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ဘေးဒုက္ခသည်တွေအတွက် အခုလို စားနပ်ရိက္ခာတွေအပြင် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ ကလေးတွေအတွက် ကျောင်းသုံးစာအုပ် စုစုပေါင်း ထိုင်းဘတ်ငွေ လေးသိန်းကျော်ဖိုး ရှိတယ်လို့ သွေးချင်းမဟာမိတ်အဖွဲ့တာဝန်ခံ ကိုရှိန်းအောင်က ပြောပါတယ်။

“ကျွန်တော်တို့ သွားမှာက ခြောက်ဘီးကားနဲ့။ ဆန်အိတ်က နှစ်ရာကျော်နီးပါး ပါတယ်။ ဘာလချောင်က ကီလို ငါးရာကျော် ပါမယ်။လုပ်တာက လူ ဦးရေ ၂၀၀ နီးပါး စုပေါင်းလုပ်ကြတာ။ တချို့ကျတော့လဲ ကျွန်တော်တို့ နယ်ဘက်တွေ မသွားနိုင်တော့ နယ်ဘက်ကနေ အဝေးပြေးကားတွေကနေ ပို့လာတာရှိတယ်။ နောက်တစ်ခုက စစ်ဘေးရှောင်စခန်းတွေမှာက ကလေးသူငယ်တွေက ထောင်ကျော်တယ်။ အဓိက ဒီတစ်ခေါက်က ကျွန်တော်တို့ ကလေးသူငယ်တွေကို အဓိကထားတယ်။ ဒီကလေးသူငယ်တွေအတွက် ကျောင်းသုံးစာအုပ်တွေအပြင် သူတို့ရဲ့ စိတ်ဒဏ်ရာတွေ ပြေပျောက်စေမဲ့ ပုံဆွဲပန်းချီတွေ၊ ကစားစရာတွေပါမယ်

စစ်ဘေးဒုက္ခသည်တွေအတွက် ဒီအကူအညီကို ဘန်ကောက်မြို့ကတစ်ဆင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်လာခဲ့ပြီး ပြည်သူ ခြောက်သိန်းခြောက်သောင်းကျော် ထပ်မံပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်အထိ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်း ခြောက်သိန်းကျော် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။