အတားအဆီးတွေကြားက ထောင်ဝင်စာပို့နေသူများ

“ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့ အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင့် အကျဉ်း ထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်း စားဝတ် နေရေး ပြေလည်စေဖို့အတွက် ပြင်ပကနေ ဝိုင်းဝန်းထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ပါ။
ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ထောင်ထဲမှာ နိုင်ငံ ရေးအကျဉ်းသားတွေ ကြုံတွေ့နေကြရတဲ့ မပြေလည်မှုတွေကို အကူအညီပေးဖို့ “ထောင် ဝင်စာပို့ကြမယ်” အစီအစဉ်ကို အာဏာသိမ်းပြီးနောက် ငါးလအကြာ ၂၀၂၁ ခုနှစ် ဇွန်လက စတင်ခဲ့တာလို့ ပြောပါတယ်။ လက်ရှိ ဒီအဖွဲ့မှာ ပြင်ပက လူငယ်တွေက စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်လုပ်ကိုင်နေကြတာပါ။
“အခုကတော့ ကျနော်တို့ တစ်လကို တစ်ကြိမ်ပဲ ပို့နိုင်တော့တယ်ဗျ"
ဒီအစီအစဉ်ရဲ့ ပထမဆုံးလှုပ်ရှားမှုအနေနဲ့ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အတွက် နှစ်ပတ်ကို လေးသောင်းကျပ် တန်ဖိုးရှိတဲ့ စားသောက်စရာတွေ အပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အင်းစိန်၊ အိုးဘို ထောင်၊ တောင်ငူ၊ ပုသိမ်နဲ့ ဘားအံ စတဲ့ အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရသူ ၅၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ပစ္စည်းပို့တာအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုပါ ပါဝင် တယ်လို့ ထောင်ဝင်စာပို့ကြမယ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသွေးက ပြောပါတယ်။
“ပစ္စည်းကတော့ Physical ပေါ့နော်။ စားရေးသောက်ရေး ပြေလည်ဖို့အတွက်။ Mental ကျတော့ သူတို့ကို ပြင်ပကလူတွေက မေ့မထားဘူး။ ပစ်မထားဘူး။ သူတို့နဲ့အတူတူ ပြင်ပကလူတွေသည် တူတူပဲ ရုန်းကန်နေတယ်။ အတူတူပဲ တစ်သွေးတည်း တစ်သား တည်းရှိနေတယ်။ လက်ရှိအခြေအနေထိအောင် သူတို့ကို ကူညီနေတုန်းပဲ။ လက်ချင်း ချိတ်ထားတုန်းပဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတစ်ခုကို ကျနော်တို့ ပေးနိုင်ခြင်းဖြစ် ပါတယ်”
အရင်ကတော့ ဒီအဖွဲ့ဝင်တွေကိုယ်တိုင် အကျဉ်းထောင်တွေကို ပေးပို့ခဲ့တာရှိပေမယ့် အခု နောက်ပိုင်းမှာတော့ တိုက်ရိုက်မပေးတော့ဘဲ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေကနေတစ်ဆင့် ပေးအပ်နေတာလို့ဆိုပါတယ်။ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေချိုးဆပ်ပြာ၊ အကြော်အလှော်၊ ဆေးဝါး၊ စာအုပ် စတာတွေ ပေးပို့တာလည်း ဖြစ်ပါတယ်။
ထောင်ဝင်စာပို့ကြမယ် အဖွဲ့ရဲ့ အလှူငွေလက်ခံတဲ့ ဘဏ်ငွေစာရင်းတွေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ အပိတ်ခံခဲ့ရသလို ပြီးခဲ့တဲ့ ဧပြီလက အဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့အတွက် သူတို့ရဲ့ ကြိုးပမ်းမှုတွေ နှောင့်နှေးခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့အကူအညီတွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီလို့လည်း ဆိုပါတယ်။
လက်ရှိမှာ ထောင်ဝင်စာအတွက် ပစ္စည်းဝယ်ယူရာမှာ အခက်အခဲတွေရှိသလို ပို့ပေးရမယ့် ပစ္စည်းတွေကလည်း ဈေးမြင့်လာတာကြောင့် အရင်ကလို ပစ္စည်းတွေ များများစားစားတော့ မပို့နိုင်တော့ပါဘူး။
ဒါကြောင့် အင်းစိန်၊ အိုးဘို၊ ပုသိမ်ထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို တစ်လမှာ တစ်ကြိမ်သာ ပို့နိုင်တော့တယ်လို့ ပို့ဆောင်ရေးတာဝန်ခံ ကိုအားသစ်က ပြောပါတယ်။
“အခုကတော့ ကျနော်တို့ တစ်လကို တစ်ကြိမ်ပဲ ပို့နိုင်တော့တယ်ဗျ။ အရင်တုန်းက ပုံမှန်ဆိုရင်တော့ တစ်လကို နှစ်ကြိမ်ပို့တာပေါ့။ အခုကတော့ ကျနော်တို့ အကုန်လုံးကို အစကနေ ပြန်စရတဲ့အတွက် နှစ်ကြိမ် မပို့နိုင်တော့ဘူးပေါ့။ တစ်ကြိမ်တောင်မှ ကျနော် တို့ အနိုင်နိုင်ကြိုးစားနေရတာပေါ့။ ဒါတောင်မှ အလျဉ်မီအောင် တော်တော်လေး ရုန်း ကန်နေရတာပေါ့ အစစအရာရာ။ ကျနော်တို့ ဟိုးအစကနေ ပြန်စရသလိုဖြစ်သွားတော့”
အဖွဲ့ဝင်တွေနေထိုင်ဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေထားဖို့ နေရာအခက်အခဲရှိသလို မိသားစု ဝင်တွေကို သွားရောက်ပို့ဆောင်ရတဲ့ လမ်းပိုင်းတွေမှာလည်း လုံခြုံရေးအရ စိုးရိမ်မှုတွေ ရှိတယ်လို့လည်း ကိုအားသစ်က ပြောပါတယ်။
ထောင်အာဏာပိုင်တွေအနေနဲ့လည်း ထောင်ဝင်စာအပေါ် ကန့်သတ်တာတွေရှိလာတာ ကြောင့် အရင်ကလို မိုးကာ၊ စာအုပ်၊ ဆေးဝါးပစ္စည်းတချို့ကိုလည်း ပေးသွင်းခွင့်မရတော့ဘူး လို့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မိသားစုတွေနဲ့ တွေ့ခွင့်ကိုပါ ကန့်သတ်ခံထားရတာကြောင့် မိခင်တစ်ယောက် အနေနဲ့ သားအပေါ်မှာ စိုးရိမ်ရတယ်လို့ အကျဉ်းသားတစ်ဦးရဲ့ မိခင် ဒေါ်သင်းသင်း (အမည်လွှဲ) က ပြောပါတယ်။
“ခေါက်ဆွဲခြောက်ဆို ၁၀ ထုပ်လောက် ကလေးအတွက်အဆင်ပြေပေမယ့် အခုအချိန်မှာ ခေါင်းလျှော်ရည်တို့ လိုအပ်တဲ့ပစ္စည်းတွေ အရည်ပုလင်းတို့၊ ဆပ်ပြာရည်တွေ ကန့်သတ် ချက်တွေ အရင်ကနဲ့မတူဘဲ များလာတယ်ပေါ့။ အစားအသောက်ကို အခြောက်ကလွဲလို့ ဟင်းအစိုတစ်နပ်တောင် ဝင်ခွင့်မပေးတဲ့အခြေအနေတွေနဲ့ ကြုံရပါတယ်။ အရင်ကဆို ရင် ထောင်ဝင်ခွင့်ကို မပိတ်ပင်ထားဘူးပေါ့နော်။ မိခင်နဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ၁၅ မိနစ် တစ်ကြိမ်တွေ့ခွင့်ရှိတယ်။ အခုက သားလေးအထဲမှာ ရောက်သွားတဲ့အချိန်မှာ တစ်ကြိမ်မှ တွေ့ခွင့်မရှိခဲ့တဲ့အတွက်၊ အမေ ကိုယ့်သားကို မမြင်ရတဲ့အတွက် အရမ်းကို ခံစားရပါတယ်”
ထောင်ထဲကနေ စာမရောက်တာကြာပြီဖြစ်တာကြောင့် ထောင်ထဲမှာ ရှိ၊ မရှိနဲ့ ကျန်းမာရေး ကောင်း၊ မကောင်း မသိရတာကြောင့် မိခင်တစ်ယောက်အနေနဲ့ နေ့စဉ်နဲ့အမျှ သောက ရောက်နေရတယ်လို့ ဒေါ်သင်းသင်းက ပြောပါတယ်။
ထောင်ဝင်စာပို့ကြမယ်အဖွဲ့ကတော့ လူမှုကွန်ရက်တွေကနေတစ်ဆင့် မဲလက်မှတ်တွေ ရောင်းရင်းကနေ ရန်ပုံငွေတွေရရှိဖို့အတွက် ကြိုးစားနေကြရပြီး တခြားအလှူရှင်တွေကနေ တစ်ဆင့်လည်း ရန်ပုံငွေတွေ ရရှိနေတယ်လို့ ပြောပါတယ်။

ထောင်ဝင်စာပို့တာဟာ ဥပဒေချိုးဖောက်တဲ့ အလုပ်မဟုတ်ပေမယ့် လက်ရှိမှာ ခိုးကြောင် ခိုးဝှက် ကျီးလန့်စာစား လုပ်ဆောင်နေရတယ်လို့ ကိုသွေးက ပြောပါတယ်။
“ဒီထောင်ဝင်စာပို့တာသည် ဥပဒေကို ချိုးဖောက်နေတာ မဟုတ်ဘူး။ လူမဆန်တဲ့အလုပ် ကို ပြုမူနေတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဒါပရဟိတလိုပဲ ပြောလို့ရပါတယ်။ ဒီ ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုကိုတောင် ခိုးကြောင်ခိုးဝှက် ကျီးလန့်စာစားပြီးတော့မှ လုပ်နေရတဲ့အနေအထားမျိုးတွေ။ ဒီလိုအရာမျိုးကိုတောင် လိုက်လံပိတ်ပင် ကန့်သတ် နေတယ်ဆိုလို့ရှိရင် ဒီစကစရဲ့ လူမဆန်မှုဟာ ဘယ်လောက်အထိ ရှိနေလဲဆိုတာ အကုန်လုံး စဉ်းစားမိမှာပါ”
အခုလို သူတို့အနေနဲ့ ကူညီမှုပေးနေပေမယ့် စစ်ကောင်စီရဲ့ အမြဲစောင့်ကြည့်မှုကို ခံနေရ တယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၉ ရက် မနေ့ကအထိ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၂,၁၇၁ ဦးရှိပြီး အဲဒီ အထဲက ၁၄၁၀ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။