အားမလျှော့ဘဲ တော်လှန်ရေးဆက်လုပ်ဖို့ တိုက်တွန်းတဲ့ နိုင်ငံရေးအကျဥ်းသားရဲ့ ဇနီး

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ သဘောထားမတူသူတွေအများအပြား ဥပဒေမဲ့ ဖမ်းဆီးခံရတာတွေ၊ ညှဥ်းပန်းနှိပ်စက်ခံရတာတွေ၊ တရားစီရင်ခံရတာတွေ သိသိသာသာ ရှိလာနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရားဖမ်းဆီးမှုတွေနဲ့ နှိပ်စက်မှုတွေထဲမှာ ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့ ရှေ့မှာ ညှဥ်းပန်းနှိပ်စက်တာတွေလည်း ပါဝင်ပါတယ်။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်က မသဲငယ်ရဲ့ ခင်ပွန်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရပါတယ်။ သမီးငယ်သုံးဦးနဲ့ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်နေတဲ့ မသဲငယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်မှု တွေကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူပါ။
"သူက အဲဒီနေ့က လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ သွားထိုင်မယ်ဆိုပြီး ထွက်သွားတာ၊ ဗုံးပေါက်ကွဲ ဖြစ်စဉ် ဖြစ်ပြီးတော့ ကားတစ်စီးကို တားတဲ့အခါ ညီမအမျိုးသားနဲ့ ကားသမားကို ဖမ်းသွားတယ်၊ သူ့ရဲ့ပုံနဲ့ ဖေ့စ်ဘွတ်ခ်တွေမှာ တက်လာတော့မှ သိရတယ်။ နှစ်ပတ်၊ သုံးပတ်ကြာတော့မှ အင်းစိန်ထောင်ကို ရောက်နေတာ သိရတယ်"
အမျိုးသားဖမ်းဆီးခံရပြီးနောက် မသဲငယ်ဟာ ရှိစုမဲ့စုလေးနဲ့ စျေးဆိုင်ဖွင့်ပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသလို ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာတွေ့နိုင်ဖို့ အတွက်လည်း ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
"ညီမက ကလေးမွေးပြီးကတည်းက အလုပ်နားထားတာ၊ ညီမက ပညာတတ်ပါ။ ဒါပေမဲ့ အခု ဝန်ထမ်းလုပ်ဖို့က မဖြစ်နိုင်ဘူးလေ။ လောလောဆယ် စျေးရောင်းတယ်။ အိမ်က လည်း အိမ်ပိုင်မဟုတ်ဘူး၊ အိမ်ငှားတာဆိုတော့ အဆင်ပြေအောင်ပေါ့။ အိမ်ထောင်ဦးစီး အဖမ်းခံရတော့ ညီမမှာ ကလေးအငယ်ဆုံးက ခြောက်လ၊ အကြီးက ကိုးနှစ်၊ အလတ်က ငါးနှစ်။ ဆိုင်လေးနဲ့ အခု ရပ်တည်နေရတာပေါ့နော်။ အမျိုးသားအတွက်က တစ်လကို ထောင်ဝင်စာ နှစ်ခါ ပို့ရတာရှိတယ်"
သမီးတွေက အဖေကို တမ်းတတဲ့အခါတိုင်း စိတ်မကောင်းဖြစ်ရတယ်လို့ မသဲငယ်က ပြောပြပါတယ်။ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရတာကို သမီးတွေ မြင်တွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရ ခဲ့တာတွေက သူ့ဘဝအတွက် အနာကြည်းဆုံးဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
"သူတို့မှာ စိတ်ဒဏ်ရာ ရသွားတာပေါ့နော်၊ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ၊ သူတို့အဖေကို သတိရတိုင်း ငိုတယ်။ သူတို့အဖေ အဖမ်းခံရတာကို သူတို့ကိုယ်တိုင် မြင်လိုက်ရတယ် လေ။ အဲဒီမြင်ကွင်းကို အမုန်းဆုံးပဲ။ သူတို့အဖေကို အိမ်ခေါ်လာပြီး 'ဒီမှာ မင်းမိန်းမနဲ့ ကလေးတွေရှိတယ် မှန်မှန်ဖြေ၊ မင်းဘာတွေလုပ်ထားလဲ ပြောစမ်း' အဲလိုမေးတာ။ သူကတော့ ကျနော့်မိန်းမ ဘာမှမသိဘူးလို့ ဖြေတာ။ အဲဒီနေ့က ကလေးတွေက သူတို့ အဖေကို အဲလိုမြင်လိုက်ရတော့ ငိုတယ် အကြီးဆုံးနဲ့ အလတ်မက။ အဲဒီနေ့က ရင် အနာရဆုံးပဲ။ ကျမက ကလေးတွေကို မငိုနဲ့ သမီးတို့အတွက်၊ သမီးတို့ နောင်အနာဂတ် ကောင်းဖို့အတွက် သမီးတို့အဖေ ဒီလိုလုပ်တာဆိုပြီး အဲလိုပဲ နှစ်သိမ့်ထားရတယ်။ အဲဒီနေ့က စိတ်ဆင်းရဲရဆုံးပဲ"
ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ရင်ဆိုင်နေရလို့ ဝမ်းနည်းအားငယ်ရတာတွေရှိပေမယ့် စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်နေသူတွေကို ကြည့်ပြီး စိတ်ခွန်အားတွေ ပြန်ပြီးမွေးခဲ့ရတယ် လို့လည်း မသဲငယ်က ပြောပါတယ်။
"ယုံကြည်ရာလုပ်နေရတဲ့သူတွေထဲမှာ ညီမကိုယ်တိုင် အမျိုးသားကို အနောက်က ပံ့ပိုးကူညီမပေးနိုင်တာကို နောင်တရတယ်။ ညီမစိတ်ထဲမှာ တစ်ခုပဲ၊ ညီမ ကလေး သုံးယောက်နဲ့ ဒီလိုရုန်းနေရတဲ့အချိန်မှာ သူများတွေကိုလည်း စိတ်ဓာတ်မကျစေချင် ဘူး။ အခက်အခဲတွေ ရင်ဆိုင်ရတာတောင် ညီမထက် အများကြီး ဒုက္ခရောက်တဲ့ တောတောင်ထဲက ကလေးတွေရော၊ စစ်ဘေးရှောင်တွေရော အများကြီးရှိတာပဲ၊ သူတို့ဆို ဘယ်လောက်တောင် ဒုက္ခရောက်မလဲဆိုတဲ့ စိတ် ညီမဒီလို တစ်ခုခုဖြစ် လာတိုင်း၊ အခက်အခဲကြုံရတိုင်း ညီမအောက်ကလူတွေကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ် ကိုယ် အားမွေးတယ်။ အထဲကလူလည်း နှစ်သိမ့်အားပေးပါတယ်၊ စိတ်အားငယ်မှာစိုးလို့၊ ညီမတို့ အခုနေ နေရတယ်ဆိုတာ ထမင်းစားလို့ရသေးတယ်။ ငါတို့မှာ ခြေတွေ၊ လက် တွေ အကောင်းရှိသေးတယ်။ လှုပ်ရှားလို့ ရသေးတယ်။ အဲလိုလုပ်လို့မရတဲ့ ကလေး တွေကို အရမ်းအားနာတယ်။ ညီမရဲ့ စိတ်ထဲမှာ နောင်တရတာ မရှိဘူး"
စစ်အာဏာရှင်ကြောင့် အသက်ဆုံးရှုံးရတာတွေ၊ မိသားစုဘဝတွေ ပြိုကွဲသွားရတဲ့ဘဝတွေ အတွက် အာဏာရှင်ကို အဆုံးထိ တိုက်ပွဲဝင်ပေးကြဖို့ မသဲငယ်က တိုက်တွန်းပါတယ်။
"အကုန်လုံး ဝိုင်းရုန်းကာမှ ညီမတို့လိုမျိုးတွေ မိသားစုတွေ တစ်နေ့မှာ ပြန်ဆုံရမှာပါ။ ညီမထက် အများကြီးအနစ်နာခံတဲ့သူတွေကို အားနာစွာနဲ့ တောင်းဆိုချင်တာက အားမလျှော့ပါနဲ့၊ ဆက်ပြီးတော်လှန်ပေးပါဦးလို့၊ အဲဒါမှ မိသားစုတွေ ပြန်ဆုံရမယ် နို့မဟုတ်ရင် ဘယ်အချိန်၊ ဘယ်အခါမှ ကျမတို့ ပြန်ဆုံရမယ်ဆိုတာ မသိနိုင်ဘူး၊ နိုင်တဲ့ဝန်လေးနဲ့ ထမ်းပြီး ကူပေးကြပါဦး၊ ဥပမာ-ကျမတို့လို မတတ်နိုင်တဲ့ သူတွေဆိုရင် Click to donate တို့လိုမျိုးတွေ လုပ်လို့ရတယ်၊ ဒါမျိုး အင်အားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်ပေးကြပါလို့"
ဒါကတော့ ခင်ပွန်းဖြစ်သူ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခံရပြီး သမီး သုံးယောက်နဲ့ ခက်ခဲတဲ့ ဘဝကို အန်တုရင်ဆိုင် ဖြတ်သန်းနေတဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မသဲငယ်ပါ။ ဒီလိုအဖြစ်အပျက်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ကြားနေရတာတွေ ဖြစ်ပြီး ဒါတွေ ဘယ်တော့ပြီးဆုံးမလဲဆိုတာ မပြောနိုင်သေးပေမယ့် တစ်နေ့တော့ ပပျောက်သွားနိုင်ဖို့ကိုပဲ ပြည်သူတွေကလည်း မျှော်လင့်နေကြပါတယ်။