စစ်ကောင်စီရန်ကို ကြောက်နေရတဲ့ ပုလဲမြို့နယ်က တောင်သူများ

ခင်မိုးညို
2022.03.30
စစ်ကောင်စီရန်ကို ကြောက်နေရတဲ့ ပုလဲမြို့နယ်က တောင်သူများ (စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ကြက်သွန်စိုက်တောင်သူတွေကို တွေ့ရစဉ်)
Photo: RFA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က တောင်သူတွေဟာ ကြက်သွန်ကို အဓိက စိုက်ပျိုးကြပါတယ်။ တောင်သူတစ်ဦးကို ပျမ်းမျှငါးဧကနဲ့အထက် စိုက်ပျိုးကြပြီး ဒေသတွင်းမှာ ကြက်သွန်စိုက်ဧကပေါင်း သောင်းနဲ့ချီ စိုက်ပျိုးကြတာပါ။

ပုလဲမြို့နယ်မှာဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ပြီး ကျေးရွာအများအပြား မီးရှို့ခံခဲ့ရပါတယ်။ လက်ရှိမှာ ကြက်သွန်စိုက်တောင်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒေသခံတွေက အခုလိုပြောပြပါတယ်။

ဒီနှစ်မှာတော့ ရွာတွေ မီးရှို့ခံခဲ့ရတဲ့အတွက် နေအိမ်နဲ့အတူ ကြက်သွန်သိုလှောင်တဲ့ ခြံတွေပါ မီးလောင်ပြာကျခဲ့ရတာပါ။

"မနှစ်ကဆိုရင် ကြက်သွန်စိုက်တောင်သူက ဒီပုလဲမြို့နယ်အတွင်းမှာ ဧကသောင်းဂဏန်းကျော်ကျော် ပေါ့နော်။ စိုက်လို့ရတဲ့ဧက အကုန်စိုက်ကြတယ် မနှစ်ကဆိုရင်။ ဒီနှစ်မှာတော့ ကြက်သွန်စိုက်နေကျ ဧကတွေရဲ့ သုံးပုံပုံ တစ်ပုံလောက်ပဲ စိုက်နိုင်တော့တယ်။ စိုက်တဲ့တောင်သူတွေမှာလဲ ဘယ်လောက်ထိ ခက်ခဲလည်း ဆိုတော့ အရင်နှစ်က မြေဩဇာ တစ်အိတ်ကို ၂ သောင်း ခွဲ ၃သောင်းဆိုရင်ရတယ်ဗျာ။ ဒီနှစ်မှာ မြေဩဇာတစ်အိတ်ကို ခုနှစ်သောင်းဈေး ရှိတယ်။ အဲဒါကြောင့် တောင်သူတွေမှာ ဘယ်လောက်အထိ ခက်ခဲသွားသလဲဆိုတော့ မြေဩဇာကို အိတ်လိုက် သုံးနိုင်တဲ့တောင်သူက အရမ်းနည်းပါးတယ်။ တစ်ပြည်ပက်လိုက် နှစ်ပြည်ပက်လိုက် ဒါမျိုးလေးတွေဘဲ ပက်ရတယ်"

မနှစ်က ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တစ်ပိဿာကို နှစ်ရာကျပ်သာ ပေါက်ဈေးရှိခဲ့တာကြောင့် တောင်သူတွေ အရှုံးပေါ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က အရှုံးအတွက် ဒီနှစ်ကြက်သွန်ရာသီကို အားခဲပြီးစိုက်ပျိုးခဲ့ကြတာပါ။ကြက်သွန် တစ်ဧကအတွက် စိုက်ပျိုးစရိတ် ၁၂ သိန်းလောက် ကုန်ကျပါတယ်။ ကြက်သွန်စိုက်တောင်သူတွေဟာ နှစ်စဉ်နှစ်တိုင်း ထွက်တဲ့ကြက်သွန်တွေကို သိုလှောင်ပြီးမှ ရောင်းချ လေ့ရှိပါတယ်။

ဒီနှစ်မှာတော့ ရွာတွေ မီးရှို့ခံခဲ့ရတဲ့အတွက် နေအိမ်နဲ့အတူ ကြက်သွန်သိုလှောင်တဲ့ ခြံတွေပါ မီးလောင်ပြာကျခဲ့ရတာပါ။

ဒီအခြေအနေမှာ ရတဲ့ကြက်သွန်တွေကို ရရာဈေးနဲ့ ရောင်းချလိုက်ကြတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

"ကြက်သွန်ပေါ်ချိန် ရောက်တဲ့အခါ ဈေးနှုန်းက ငါးရာ၊ ခြောက်ရာ ရှိလာတယ်။ ပုံမှန်ဆိုရင် ကြက်သွန် ဒီအချိန်ရောင်းတဲ့တောင်သူက နည်းတယ်။ တစ်ဧကစိုက်ရင် အရမ်းကောင်းရင် ပိဿာခြောက်ထောင်လောက် ထွက်တယ်။ နဲနဲညံ့ရင် သုံးထောင်ကျော် လေးထောင်လောက် ထွက်တယ်။ အဲဒါကြောင့် ဧကများများ စိုက်တဲ့သူက ဒီအချိန်ဖော်ပြီးရင် အသုံးစရိတ်လိုလို့ တစ်ဧကစာလောက်ပဲ ရောင်းတယ်။ ကျန်တာတွေကို ခြံကြီးထိုးတယ်။ ခြံထိုးပြီးတော့ လှောင်ထားတယ်။ ပြီးတော့ သူတို့ကြိုက်တဲ့ဈေးနှုန်းရလာမှ ရောင်းကြတာ။ အခုနယ်မြေက မအေးချမ်းဘူး၊ တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် တောင်သူတွေမှာ လူတောင် မလုံခြုံတာ။ ပစ္စည်းဆိုရင် ဝေးပြီပေါ့။ သိုလှောင်ဖို့လိုအပ်တဲ့ ခြံတွေလဲ မီးထဲပါသွားတဲ့အတွက် ခြံလဲမရှိဘူး"

နေအိမ်တွေဆုံးရှုံးခဲ့ရတဲ့ ကြက်သွန်စိုက်တောင်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေ နောက်တစ်ကြိမ် ရောက်လာပြီး မီးရှို့မှာကို စိုးရိမ်တဲ့အတွက် စိုက်ပျိုးလို့ရသမျှ ကြက်သွန်တွေကို အမြန်ဆုံး ရောင်းချ နေရတယ်လို့ ပြောပါတယ်။

"ကြက်သွန်က ကျွန်မတို့ဆို အချိန်သုံးသောင်းလောက် ရတယ်ပေါ့နော်။ လက်ရှိအနေအထားက တစ်ပိဿာ ငါးရာနဲ့ ရောင်းရတယ်။ ဒါပေမယ့် မထားရဲလို့။ အမြတ်ထွက်အောင် ထားချင်တယ်။ ဒါပေမယ့် စစ်ကောင်စီတွေကိုကြောက်လို့ မထားရဲဘူး။ အခုစားစရာလည်း မရှိတော့လို့ ရောင်းရတာ"

"ကျွန်တော် ကြက်သွန် ခြောက်ဧကစိုက်တယ်။ ငါးထောင်နှုန်းနဲ့ ပိဿာသုံးသောင်းလောက် ရတာပေါ့ဗျာ။ ကျွန်တော်တို့ ကြက်သွန်ထားတဲ့နေရာတွေကို စစ်ကောင်စီက မီးရှို့လိုက်တော့ ထားစရာနေရာတွေက မကျန်တော့ဘူးဗျ။ ကြက်သွန်ကတစ်ထောင်၊ တစ်ထောင်ကျော် ဖြစ်မယ်လို့ မှန်းကြပေမယ့် ကျွန်တော်တို့ ထားစရာမရှိလို့ ရတဲ့ဈေးနဲ့ ရောင်းခဲ့ရတဲ့အတွက်ကလည်း ကြက်သွန်တစ်ဧကကို ငါးထောင်နှုန်းနဲ့ ထွက်တယ်ဆိုရင် အခု ငါးရာနှုန်း ရောင်းရပေမယ့် နောင်ဆို တစ်ထောင်နှုန်းရောင်းရရင် ပိုပြီး အဆင်ပြေနိုင် တာပေါ့ဗျာ။ အခုလို ထားစရာကလဲ မရှိတော့တဲ့အခါကျတော့ ဒီတိုင်းပဲရတဲ့ဈေးနဲ့ ရောင်းလိုက်ရတာပဲဗျာ"

ကြက်သွန်စိုက်ပျိုးရေးနဲ့ အစဉ်အဆက် အသက်မွေးဝမ်းကျောင်းခဲ့ကြတဲ့ ပုလဲမြို့နယ်က တောင်သူတွေဟာ အခုတော့ စစ်ကောင်စီရဲ့ မြေလှန်မီးရှို့ စစ်ဆင်ရေးကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတာကို အခုလိုပဲ ပြောပြပါတယ်။

"စစ်ကောင်စီကသာ မီးမရှို့ခဲ့ရင် ကျွန်တော်တို့ အသက်ရှူ အမောပြေလို့ ကျွန်တော်တို့ဘာသာ နေနိုင် စားနိုင်သောက်နိုင် ဖြစ်တာပေါ့ဗျာ။ စစ်ကောင်စီက မီးရှို့လိုက်တော့ ကျွန်တော်တို့မနှစ်က အကြွေးတွေရော၊ ဒီနှစ်ပြန်လည်ထူထောင်ရေး လုပ်ရတာရောနဲ့ ကျွန်တော်တို့မှာ အကုန်အရှုံးနဲ့ပဲ ရင်ဆိုင်နေရပြီး ဘာမှကို မကျန်အောင် ဖြစ်ရတာပါပဲဗျာ။ ဒီလိုအိုးမဲ့အိမ်မဲ့ဘ၀ ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။"

“ ဒီရွာထဲ PDF တွေရှိလို့ ဖြတ်သွားဖြတ်လာလုပ်လို့ ဒီရွာကို စစ်တပ်က မီးရှို့ရတာပါလို့ပြောရင် ကျွန်တော်တို့ အနေနဲ့တော့ လက်ခံစရာ အကြောင်းမရှိဘူး။ PDF အပေါ် အပြစ်မြင်စရာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ PDF ဆိုတာကလဲ ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူတွေပဲ။ ဒီဟာတွေဖြစ်ဖို့ အကြောင်းတရားက ရှိခဲ့တယ်။ အာဏာသိမ်းတာကို မကြိုက်ဘူးလို့ ပြောလိုက်တဲ့သူဆိုရင် သူတို့က PDFလို့ သတ်မှတ်တာ။ ပြည်သူအားလုံးက ပြောပိုင်ခွင့် မရှိတော့ဘူးလား။” လို့ ဒေသခံတစ်ဦးက မေးခွန်းထုတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။