ပဲခူး ဥဿာမြို့သစ်က ထူးခြားတဲ့ မိဘမဲ့ဂေဟာ
2023.02.07

ပဲခူးမြို့စွန် ဥဿာမြို့သစ်က ရင်ခွင်မဲ့သူများဆုံဆည်းရာ ဘက်စုံလူငယ်ဖွံ့ဖြိုးရေး ကျောင်းမှာ ဆင်းရဲနွမ်းပါးလို့ ပညာမသင်နိုင်တဲ့ ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားတဲ့ ကလေး ၁၈၀ ရှိပါတယ်။
ကလေးတွေက လသားအရွယ်ကနေ ၁၆ နှစ်အထိ အရွယ်စုံပါဝင်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတာပါ။
ဒီမိဘမဲ့ကျောင်းကို ဥဿာမြို့သစ် သာသနပါလဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်ကုသလက ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။
ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ ကလေးငယ်တွေရဲ့ဘဝကို တတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးတဲ့အခါ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မယ့် ခေါင်ဆောင်ကောင်းတွေ ပေါ်ထွန်းလာနိုင်တယ်လို့ ဆရာတော် အရှင်ကုသလက မိန့်ပါတယ်။
ဒီကျောင်းမှာ ကျောင်းစာအပြင် ဘဝရှင်သန်ရေး မခက်ခဲစေဖို့အတွက် ကွန်ပျူတာ၊ စက်ချုပ်၊ အဆိုအတီး၊ အချက်အပြုတ်၊ ကိတ်မုန့်ဖုတ်နည်း၊ လက်မှုပညာ စတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က အသက် ၁၂ နှစ်အရွယ် မလှိုင်းနဒီဟာ မိဘတွေ အိမ်ထောင် ကွဲသွားတာကြောင့် လွန်ခဲ့တဲ့ ၃ နှစ် အသက် ကိုးနှစ်အရွယ်မှာ ဒီကျောင်းကို ရောက်လာခဲ့တာပါ။ အခုတော့ သူက ကျောင်းစာနဲ့အတူ လက်မှု ပညာရပ်တစ်ခုကိုပါ သင်ယူနေပါတယ်။
မိဘတွေက ဆင်းရဲလွန်းတာကြောင့် ကျောင်းစာသင်ဖို့ မပြောနဲ့ နေ့စဉ် ထမင်းစားဖို့တောင် အတော်ခက်ခဲခဲ့တယ် လို့ မလှိုင်းနဒီ က ပြောပါတယ်။
"အိမ်မှာနေမယ်ဆိုရင် စာတောင် တတ်မှာမဟုတ်ဘူး။ ထမင်းစားမယ်ဆိုရင်တောင် ပိုက်ဆံ တော်တော်လေးရှာရတယ်။ သမီးတို့က အရမ်းလည်း ဆင်းရဲတယ်။ ပညာဆိုရင် သူများတွေ ပညာသင်ချိန်ဆို သမီး ပညာမသင်ခဲ့ရဘူး။ ဒီကျောင်းလေးကိုရောက်မှ ပညာသင်ခဲ့ရတယ်ပေါ့။ သမီးရဲ့ ပန်းတိုင်ကတော့ Handmade ပေါ့။ ဒီ Handmade ကို နောက်ထပ် မျိုးဆက်သစ် ရောက်လာမယ့် ကလေးတွေကို ပြန်ပြီး ပို့ချပေးချင်စိတ် ရှိပါတယ်ရှင့်"
၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်ကနေ ဒီကျောင်းကို ရောက်လာတဲ့ အသက် ၁၆ နှစ် အရွယ် ကိုမင်းမင်းသူကတော့ ပညာရေးမှာ မထူးချွန်ပေမယ့် သူဝါသနာပါတဲ့ အသက်မွေးပညာ တစ်ခုခုနဲ့ အနာဂတ်မှာ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။
"ကိုယ်က ဒီပညာရေးမှာ မထူးချွန်ဘူးဆိုပေမယ့် ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းတစ်ခုကို စိတ်ပါလက်ပါနဲ့ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ တိုးတက်နိုင်မယ့် လူတစ်ယောက် ဖြစ်နိုင်တယ်ပေါ့။ ဒီကျောင်းက ထွက်သွားရမယ်ဆိုရင်တော့ အညတရ လူငယ်တစ်ယောက် မဟုတ်ဘဲနဲ့ ကိုယ်က အများသူငါရှေ့မှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ပေါ့၊ ကိုယ့်ရည်မှန်းချက် ကြီးကြီးနဲ့ လူတစ်ယောက်ပေါ့"
အရင်က အနာဂတ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မရှိခဲ့ဘဲ ဒီကျောင်းကို ရောက်လာပြီးမှ တိုးတက်အောင်မြင်ချင်စိတ်ရှိလာပြီး တစ်နေ့မှာ ဒီကျောင်းကို ကျေးဇူးပြန်ဆပ်နိုင်ဖို့ သူ ဆုံး ဖြတ်ထားပါတယ်။

အသက် ၁၄ နှစ်အရွယ် မလဲ့လဲ့ထွန်းကတော့ လူငယ်တွေထဲမှာ ရှားရှားပါးပါး မြန်မာ့ရိုးရာ တူရီယာ စောင်းတီးရတာကို အထူးနှစ်သက်သူပါ။
ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ မွေးဖွားလာတဲ့ မလဲ့လဲ့ထွန်းက ကျောင်းစာအပြင် အသက်မွေးပညာတစ်ခုခုကိုပါ သင်ယူချင်တာကြောင့် ဒီကျောင်းကို ရောက်လာခဲ့တာပါ။
"သမီးတို့ဆီမှာဆိုရင် စာကလွဲပြီး ကျန်တာဘာမှ သင်လို့မရဘူး။ ဒီကျောင်းမှာကျတော့ ကိုယ်သင်ချင်တဲ့ဟာ သင်လို့ရတယ်။ ပြီးတော့ ဒီမှာ အစုံရှိတယ်။ ကိုယ်ဝါသနာပါရာ ကိုလည်း သင်လို့ရတယ်။ ပြီးတော့ အသက်မွေးပညာလည်း သင်ချင်တာကြောင့် ဒီမှာလာနေတာပါ"
စောင်းတူရိယာဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ ထူးခြားတဲ့ ဝိသေသဖြစ်တာကြောင့် ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တဲ့စိတ်နဲ့အတူ ဝါသနာလည်းပါတာကြောင့် သင်ယူနေတာလို့ သူက ဆိုပါတယ်။
ကလေးအားလုံးကို ကျောင်းစာအပြင် ဝါသနာပါရာ အသက်မွေးဝမ်းကျောင်း အတတ်ပညာ တွေကိုပါ သင်ကြားပေးနေတဲ့အတွက် ဒီကျောင်းရဲ့ နေ့စဉ်ကုန်ကျစရိတ်က မနည်းလှပါဘူး။
မင်္ဂလာဆောင်နဲ့ မွေးနေ့ အခမ်းအနားတွေအတွက် ခန်းမငှားတာ၊ အစားအသောက်ကို တာဝန်ယူ ချက်ပြုတ်ပေးရာကနေ ဝင်ငွေပြန်ရှာပြီး လည်ပတ်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
မြန်မာပြည်ရဲ့ ပညာရေးစနစ်က အတန်းပညာကိုသာ ဦးစားပေးခဲ့ပြီး အတန်းပညာ မထူးချွန်တဲ့ ကလေးငယ်တွေအတွက် တခြားရွေးချယ်စရာ အသက်မွေးပညာကို စဉ်းစားဖန်တီးပေးတာမျိုး နည်းလှတယ်လို့ ဒီကျောင်းရဲ့ ပညာရေးတာဝန်ခံဆရာမ ဒေါ်အေးအေးသန့်က ပြောပါတယ်။
"ကလေးတွေက အလွှာပေါင်းစုံက လာတဲ့အတွက်ကြောင့်မို့ ဒီသက်မွေးလေးကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်တယ်။ ပညာရေးကောင်းတဲ့ ကလေးတွေရှိသလို သူတို့ရဲ့ ထမင်းစားလက်မှတ်လေးပေါ့၊ စက်ချုပ်လေးတွေ သင်ပေးလိုက်မယ်၊ Handmade လေးတွေ သင်ပေးလိုက်မယ်၊ ဒီဂီတလေးတွေ သင်ပေးလိုက်မယ်ဆိုရင် တော့ ဘာပဲပြောပြော ပညာမစုံတာတောင်မှ သူတို့အတွက် စားဝတ်နေရေးအတွက် အဆင်ပြေမယ်။ ဆရာမကြီးက သဘောလည်းကျတယ်ပေါ့။ ဆရာမကြီးတို့ ကြုံခဲ့တဲ့ ကျောင်းတွေ တောက်လျှောက်က ပညာရေးကိုပဲ ဦးစားပေးခဲ့တာ"
ဒီကျောင်းမှာ မိဘမဲ့ ကလေးတွေကို လက်ခံထားရုံမက အနီးဝန်းကျင်က ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကိုလည် ပညာသင်ကြားပေးနေပါတယ်။
"ထမင်းဆာတဲ့ဆာလောင်မှုကို ရှာစားတတ်ဖို့ကိုပေးလိုက်တာက အဲဒါ တစ်ဘဝအတွက်လုံးကိုပေးလိုက်တာလို့ ဦးဇင်းကတော့ မြင်တယ်"
ဆာလောင်ငတ်မွတ်နေသူကို ထမင်းတစ်နပ် ကျွေးရုံနဲ့မပြီးဘဲ ဘဝတစ်လျှောက်လုံး ရှာဖွေစားသောက်နိုင်မယ့် အတတ်ပညာကို သင်ပေးတာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ဆရာတော် ဦကုသလ က မိန့်ပါတယ်။
"သနားလို့ ပံ့ပိုးတာက သပ်သပ်တစ်ခုရယ်၊ ဒီနိုင်ငံအတွက်၊ ဘာသာ၊ သာသနာအတွက်၊ လူမျိုးအတွက်၊ သူ့ရဲ့ဘဝ တိုးတက်မြင့်မားရဖို့အတွက် ပံ့ပိုးတယ်ဆိုတာက အလွန် အင်မတန်ကိုမှ ထူးခြားပါတယ်။ ဘာဖြစ်လို့လဲမေးရင် လူတစ်ဦးတစ်ယောက်ကို ထမင်းဆာလို့ ထမင်းကျွေးလိုက်တာက တစ်နပ်ပဲ သူစားရလိမ့်မယ်၊ ဒါပေမဲ့ အဲလူ ထမင်းဆာတဲ့ဆာလောင်မှုကို ရှာစားတတ်ဖို့ကို ပေးလိုက်တာက အဲဒါ တစ်ဘဝ အတွက်လုံးကို ပေးလိုက်တာလို့ ဦးဇင်းကတော့ မြင်တယ်"
အချက်အပြုတ်နဲ့ ကိတ်မုန့်ဖုတ်ပညာ သင်ယူနေသူတွေအတွက် အတတ်ပညာ ပေးရုံတင် မကဘဲ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တဲ့အထိ ကလေးတွေရဲ့ဘဝကို မြှင့်တင်ပေးသွားဖို့ ဆရာတော်က ဆုံးဖြတ်ထားပါတယ်။
ဆရာတော်ရဲ့ စိတ်ကူးနဲ့ ဆုံးဖြတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ရန်ပုံငွေက အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခက်အခဲတွေကြားကပဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိဘမဲ့ကလေးတွေရဲ့ဘဝ ကြီးမားတဲ့ လိုအပ်ချက်ကွက်လပ်ကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတာလို့ ဆရာတော်က မိန့်ပါတယ်။
နွေးထွေးတဲ့မေတ္တာနဲ့ အတတ်ပညာတွေ သင်ပေးနေတာကြောင့် ဝမ်းနည်းအားငယ်ရတဲ့ ဘဝတွေ အများကြီးပြောင်းလဲသွားတယ်လို့ ကလေးတွေ၊ ဆရာဆရာမတွေနဲ့ ဒီကျောင်းလေးကို ဝိုင်းဝန်းကူညီနေသူတွေက ပြောပါတယ်။