ရေကြီးခဲ့တဲ့ပဲခူးတိုင်းမှာ စပါးခင်းဧကပေါင်း သိန်းချီပျက်စီးတယ်လို့ လယ်သမားတွေပြော

RFA Burmese
2023.10.19
ရေကြီးခဲ့တဲ့ပဲခူးတိုင်းမှာ စပါးခင်းဧကပေါင်း သိန်းချီပျက်စီးတယ်လို့ လယ်သမားတွေပြော ရေကြီးရေလျှံဖြစ်ခဲ့သည့် ပဲခူးမြို့မှ ရေပြန်ကျသွားသည့် အခြေအနေအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မိုးကြီးပြီးရေလွှမ်းခဲ့တဲ့ ပဲခူးတိုင်းက သနပ်ပင်၊ ဒိုက်ဦး၊ ကဝနဲ့ ပဲခူးမြို့နယ်က မိုးစပါးစိုက်ခင်း ဧကပေါင်း သိန်းနဲ့ချီပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူလယ်သမားတွေကပြောပါတယ်။

တစ်မြို့နယ်ကို ဧကနှစ်သောင်းကျော် အနည်းဆုံး ပျက်စီးတာလို့ ပဲခူးတိုင်းက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်တဲ့သူ တစ်ယောက်ကပြောပါတယ်။

"သနပ်ပင်မြို့နယ်ကတော့ သုံးပုံတစ်ပုံလောက်တော့ ဆုံးရှုံးသွားတယ်၊ ကဝမြို့နယ်လည်း သုံးပုံတစ်ပုံလောက် ဆုံးရှုံးသွားတော့ ကျွန်တော်တို့ ပဲခူးပတ်ဝန်းကျင်တစ်ဝိုက်၊ ပဲခူးမြို့နယ် အပါအဝင် ဧကပေါင်း သိန်းချီမယ်လို့ ထင်ပါတယ်၊ တချို့ ပြောနေတာ လေးငါးသောင်းဆိုတာ ကျွန်တော်တို့ တစ်မြို့နယ် နှစ်သောင်း၊ သုံးသောက်လောက် ဆုံးရှုံးနေတော့ စုစုပေါင်း ကျွန်တော့်အမြင်ပြောရရင် ဒီတစ်ခါ ရေကြီးတာ ဧကပေါင်း သိန်းချီလောက်တဲ့အထိ ပျက်စီးဆုံးရှုံးသွားလိမ့်မယ်လို့ မှန်းဆထားပါတယ်"

ပဲခူးတိုင်းမှာ အောက်တိုဘာလ ၈ ရက်နေ့ညက စပြီးရွာလိုက်တဲ့မိုးကြောင့် ပဲခူးမြစ်မှာ စိုးရိမ်ရေမှတ် အထက် လေးပေလောက် ကျော်လွန်ခဲ့တာပါ။ ဒါကြောင့် ပဲခူးမြို့ရဲ့ တောင်ဘက်ခြမ်းနဲ့ ပဲခူးမြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်က စပါးစိုက်တဲ့ ရွာတွေအားလုံးမှာ လယ်တွေ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံခဲ့ရတာလို့ သူကပြောပါတယ်။

"ဒီလောက် ပျက်စီးဆုံးရှုံးမှုမျိုး တစ်ခါမှမကြုံဖူးသေးဘူး"

မိုးစပါး စိုက်ဧက တစ်သိန်းရှစ်သောင်းလေးထောင်ကျော်ရှိတဲ့ ကဝတစ်မြို့နယ်မှာတင် ရေနစ်မြုပ်လို့ ဆုံးရှုံးမယ့်လယ်ဧက အနည်းဆုံး ငါးသောင်းလောက် ရှိနိုင်တယ်လို့ ဒေသခံ လယ်သမားတစ်ယောက်က ပြောပါတယ်။

"ပဲခူးတိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ သိရသလောက် စိုက်ပျိုးဧကပေါင်း ၂၈ သိန်းကျော်ရှိတယ်၊ ရှိတဲ့အထဲမှာမှ ကဝမြို့နယ်က ၁၈၄,၃၅၀ လောက်ရှိတယ်၊ ရှိတဲ့အထဲမှာ ဧကကို အနည်းဆုံးအားဖြင့် ခန့်မှန်းခြေပေါ့၊ ငါးသောင်းလောက်တော့ ပျက်စီးမယ်လို့ထင်တယ်"

စစ်တောင်းမြစ်ရေဟာ ပင်လယ်ထဲကို ကောင်းကောင်း မစီးနိုင်တော့ဘဲ ပဲခူးမြစ်ထဲ စီးဝင်တဲ့ချောင်းတွေဆီကိုပဲ လှိမ့်ဝင်ခဲ့တာက၊ ပဲခူးမြစ်ကို အားကိုးနေရတဲ့ လယ်သမားတွေအတွက် ဒုက္ခရောက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဆည်မြောင်းပညာရှင် တစ်ယောက်ကပြောပါတယ်။

ပျက်စီးတဲ့အထဲမှာ ဧက ၂၀ နီးပါးလောက်ပါသွားတဲ့ သနပ်ပင်မြို့နယ်က လယ်သမားကြီး ကိုဇော်မျိုးကတော့ စိုက်ပျိုးစရိတ်အတွက် ချေးထားတဲ့ အကြွေးတွေမဆပ်နိုင်ရင် လယ်ပိုင်ရှင်ဘဝကနေ စာရင်းငှားဘဝကို ရောက်သွားတော့မယ်လို့ ပြောပါတယ်။

"ရိတ်သိမ်းခါနီးကျမှ စပါးတွေ ရေနစ်မြုပ်သွားတယ်၊ လယ်သမားဆိုတာ သူများဆီက အကြွေးယူပြီး လယ်ထဲမှာ ရင်းနှီးထားရတာ၊ အစိုးရဆီက အမတော်ကြေးကိုယူပြီးတော့ ဒီလယ်ထဲကိုရင်းနှီးရတယ်၊ အခုလို နစ်မြုပ်သွားတဲ့အခါကျတော့ ပုဂ္ဂလိက အကြွေးကိုလည်း မဆပ်နိုင်တော့ဘူး၊ အမတော်ကြွေး ဆပ်ဖို့ရာမှာလည်း ရာခိုင်နှုန်း မရှိသလောက်ကို ဖြစ်သွားတာပေါ့၊ လယ်ပိုင်ရှင်ဘဝကနေပြီး စာရင်းငှားဘဝကိုရောက်ရှိသွားမှာ"

အခုလို စပါးတွေ ရေနစ်သွားတာ ဒီနှစ်ထဲမှာတင် နှစ်ခါရှိသွားပြီးလို့ အသက် ၇၅ နှစ်အရွယ် လယ်သမားကြီး ဦးစံကွန်းကပြောပါတယ်။

"လယ်သမားတွေအတွက် အကုန်နစ်နာပါတယ်၊ ပထမ တစ်ခါစိုက်တယ် မြုပ်သွားတယ်၊ နောက်တစ်ခါစိုက်တယ် ရေမြုပ်တယ်၊ မြုပ်တာ နှစ်ခါရှိသွားပြီ၊ အဲဒီနှစ်ခါစလုံး ပထမ တစ်ခါလည်း ကုန်သွားတယ်၊ ဘေးကနေ အကြွေးယူပြီးလုပ်ရတာ၊ အကြွေးတွေလည်း တော်တော်များများ တင်နေပါပြီ"

ဦးစံကွန်းမှာ ဧက ၅၀ ရှိပြီး၊ ဧက ၃၀ လောက် ရေနစ်သွားတာပါ။ သူ့သက်တမ်းမှာ ဒီလောက် ပျက်စီးဆုံးရှုံးမှုမျိုး တစ်ခါမှမကြုံဖူးသေးဘူးလို့ ပြောပါတယ်။ ဒါကြောင့် လယ်လုပ်ချင်စိတ်လည်း မရှိတော့ဘူးလို့ ပြောပါတယ်။

၂၀၂၃ မိုးစပါးနဲ့ ၂၀၂၄ နွေစပါးတို့အတွက် အဖျင်း၊ အမှော်၊ ဖုန် ၊ သဲ၊ ခဲ ကင်းစင်ပြီး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိတဲ့ စပါးတင်း ၁၀၀ ကို ရည်ညွှန်းစျေးအဖြစ် ကျပ်ငွေ ခုနစ်သိန်းခွဲ သတ်မှတ်တယ်လို့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ခံ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"ရေနစ်မြုပ်ပျက်စီးသွားတဲ့ စပါးစိုက်ခင်း ဧကပေါင်း သိန်းနဲ့ချီရှိတယ်"

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဓာတ်ဆီ၊ ဒီဇယ်နဲ့ ဓာတ်မြေဩဇာစျေးတွေ အဆမတန် တက်သွားတဲ့အတွက် လယ်တစ်ဧကရဲ့ သွင်းအားစု ကုန်ကျစရိတ် ကျပ်ငွေ ရှစ်သိန်းလောက်ရှိလို့ စိုက်ပျိုးရေးဌာနက သတ်မှတ်တဲ့ရည်ညွှန်းစျေးက စိုက်ထားရတဲ့ အရင်းအနှီးလောက်တောင် မရှိဘူးလို့ သနပ်ပင်မြို့နယ်က လယ်သမား ကိုဝါးခိုင်က ပြောပါတယ်။

ရေကြီးရေလျှံဖြစ်ခဲ့သည့် ပဲခူးမြို့မှ ရေပြန်ကျသွားသည့် အခြေအနေအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရေကြီးရေလျှံဖြစ်ခဲ့သည့် ပဲခူးမြို့မှ ရေပြန်ကျသွားသည့် အခြေအနေအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် တောင်သူလယ်သမားတွေအတွက် စိုက်စရိတ်ကာမိအောင် ၁၅ သိန်းဝန်းကျင် ဖြစ်သင့်တယ်လို့ ပြောပါတယ်။

"အပြီးအစီး အိမ်ပေါ်ရောက်တဲ့အထိဆိုလို့ရှိရင် ၇ သိန်းခွဲ၊ ၈ သိန်းလောက် ကုန်ကျနိုင်ပါတယ်၊ အဲဒါကြောင့်မို့လို့ ရာသီဥတုကလည်းပျက်၊ ရေတွေကလည်း ကြီးတဲ့အခါကြတော့ တချို့လယ်တွေမှာ ဆိုလို့ရှိရင် အနိမ့်ဆုံးအဆင့်နဲ့ ပြီးသွားတာမျိုးတွေရှိတယ်၊ အဲဒါမျိုးတွေဆိုရင် လယ်သမားတွေအတွက် တအား နစ်နာတာပေါ့၊ အဲဒါကြောင့် စပါးစျေးဟာ ၁၅ သိန်း ပတ်ချာလည်လောက် ဖြစ်သင့်ပါတယ်"

ရေနစ်ထားတဲ့စပါးတွေကို ဘယ်လိုမှ သုံးမရတော့ဘူးလို့လည်း သနပ်ပင်မြို့နယ်က လယ်သမားကြီး ကိုဇော်မျိုးကပြောပါတယ်။

"လက်ရှိအချိန်အထိ ရေတွေက မြုပ်နေဆဲပဲ၊ ဒီစပါးတွေက လူစားဖို့နေနေသာ၊ ကြက် ငှက် တိရစ္ဆာန်တွေကအစ စားလို့မရနိုင်တေ့ာဘူး၊ ဘာပြုလို့လဲဆိုတော့ ရေတွေကလည်း မကျသေးဘူး၊ ကြာရင် ဒီစပါးတွေက ပုပ်သွားမယ်၊ အဲလိုပုပ်သွားတဲ့အခါကျတော့ ကြက် ငှက် တိရစ္ဆာန်တွေလည်း စားလို့မရတော့ဘူး၊ လုံးဝ ရှုံးနိမ့်သွားမယ့် အခြေအနေဖြစ်သွားပြီ"

ကျန်ခဲ့တဲ့အထဲက ရိတ်ခါနီးစပါးတွေလည်း မိုးဒဏ်လေဒဏ်တွေကြောင့် တစ်ဧကကို စပါးတင်း ငါးဆယ် ထွက်မယ့်လယ်ဟာ တင်း နှစ်ဆယ်ကျော်လောက်ပဲ ထွက်နှုန်းရှိတော့မယ်လို့ တောင်သူလယ်သမားတွေကပြောပါတယ်။

ပဲခူးတိုင်းထဲမှာ ရေနစ်မြုပ်ပျက်စီးသွားတဲ့ စပါးစိုက်ခင်း ဧကပေါင်း သိန်းနဲ့ချီရှိတယ်လို့ ဒေသခံ လယ်သမားတွေရဲ့ပြောဆိုချက်အရ စာရင်း အတိအကျ သိရဖို့က RFA က ဆက်လက် စုံစမ်းနေပါတယ်။

ပဲခူးတိုင်းမှာ ၂၀၂၃ - ၂၄ မိုးစပါး စိုက်ဧက ၂၆ သိန်းကျော်ရှိပြီး၊ အောက်တိုဘာလ ၁၅ နေ့အထိ ဧက ၅ သိန်းကျော်ပဲ ရိတ်သိမ်းပြီးစီးထားသေးတယ်လို့ အောက်တိုဘာလ ၁၇ နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။